By MPA ( In Depth Photo Story )
ကမ္ဘာတစ်လွှားရှိ စာနယ်ဇင်း လွတ်လပ်ခွင့်၊ စာနယ်ဇင်းလွတ်လပ်ခွင့် အခြေခံသဘောတရားများကို မြှင့်တင်ရန်၊ မီဒီယာများကို ကာကွယ်ပေးရန်နှင့် မီဒီယာအလုပ်လုပ်ကိုင်ရင်း အသက်ဆုံးရှုံးခဲ့ရသည့် ဂျာနယ်လစ်များကို ဂုဏ်ပြုရန်အတွက် နှစ်စဉ် မေသုံးရက်နေ့ကို ကမ္ဘာ့စာနယ်ဇင်းလွတ်လပ်ခွင့်နေ့အဖြစ် ကျင်းပလာသည်မှာ ၃၂ နှစ် ပြည့်မြောက်ခဲ့ပြီဖြစ်သည်။
ကမ္ဘာ့စာနယ်ဇင်း လွတ်လပ်ခွင့်နေ့အဖြစ် ဖြစ်ပေါ်လာရန် ၁၉၉၁ ခုနှစ်တွင် ပြုလုပ်ခဲ့သည့် ယူနက်စကို ညီလာခံ၌ အဆိုပြုခဲ့ခြင်းဖြစ်ပြီး ၁၉၉၃ ခုနှစ် ကုလသမဂ္ဂအထွေထွေညီလာခံတွင် အတည်ပြုခဲ့သည်။
မီဒီယာလွတ်လပ်ခွင့်နှင့်ပတ်သက်သော ကြေညာစာတမ်းကို ၁၉၉၁ ခုနှစ်တွင် အာဖရိက ဂျာနယ်လစ်များက ထုတ်ပြန်ခဲ့ပြီးနောက် အဆိုပါစာတမ်းကို တုံ့ပြန်သောအားဖြင့် ကမ္ဘာ့စာနယ်ဇင်း လွတ်လပ်ခွင့်နေ့ကျင်းပရန် မီဒီယာသမားများက အဆိုပြုတင်ပြခဲ့ခြင်းလည်းဖြစ်သည်။
ကမ္ဘာတစ်လွှားတွင် သတင်းမီဒီယာ၏ အခန်းကဏ္ဍ အရေးပါပုံနှင့် သတင်းမီဒီယာ လွတ်လပ်ခွင့်များကို လုပ်ဆောင်နိုင်ရန်အတွက် ကမ္ဘာ့စာနယ်ဇင်း လွတ်လပ်ခွင့်နေ့ကို သတ်မှတ်ခဲ့သော်လည်း မြန်မာနိုင်ငံ၏ သတင်းမီဒီယာ လွတ် လပ်ခွင့်သည့် ၁၉၆၂ခုနှစ် ဦးနေဝင် အာဏာသိမ်းပြီးနောက်မှ စတင်ကာ ယနေ့တိုင် ဆုတ်ယုတ်လျက်ရှိနေသည်။
၎င်းအာဏာသိမ်းပြီးနောက် သတင်းမီဒီယာများကို ဖိနှိပ်မှုအဖြစ် ဆောင်ရွက်ခဲ့မှုများထဲမှ အထင်ရှားဆုံးတစ်ခုသည် ကြေးမုံသတင်းစာတိုက်ကို တည်ထောင်ခဲ့ပြီး အယ်ဒီတာချုပ်အဖြစ် ဆောင်ရွက်ခဲ့သူ ကြေးမုံဦးသောင်းကို ပုဒ်မ ၅ ဖြင့် ထောင်ဒဏ် သုံးနှစ် ချမှတ်ခဲ့ခြင်းဖြစ်သည်။
ဦးနေဝင်းလက်ထက်၌ ၎င်းကို ဝေဖန်ထောက်ပြသည့် သတင်းမီဒီယာတိုက်များကို ပိတ်သိမ်းခဲ့မှုများလည်းရှိသည်။ ထိုကဲ့သို့ ဖိနှိပ်မှုကြောင့် ၁၉၆၄ ခုနှစ် မေလ ၁၈ ရက်နေ့၌ နေရှင်းသတင်းစာ ရပ်စဲသွားသည်။ ယင်းနှစ် စက်တင်ဘာ တစ်ရက်တွင် ကြေးမုံသတင်းစာ၊ စက်တင်ဘာ ၁၁ရက်တွင် ဗိုလ်တထောင် သတင်းစာ၊ စက်တင်ဘာ ၁၆ရက်တွင် ဂါဒီယန်းနေ့စဉ် သတင်းစာတိုက်များကို ပြည်သူပိုင်အဖြစ် သိမ်းဆည်းမှုများ ပြုလုပ်ခဲ့သည်။
ဦးနေဝင်းလက်ထက်မှ စတင်ထိန်းချုပ်ခဲ့သည့် စာနယ်ဇင်းလွတ်လပ်ခွင့်သည် ဦးစောမောင်၊ ဦးသန်းရွှေခေတ်တို့အထိ ဆက်လက်တည်ရှိခဲ့ပြီး သတင်းလုပ်ငန်းလုပ်ကိုင်သူများကို(အစိုးရပိုင် သတင်းဌာနများမှလွဲ၍) ပုဒ်မ အမျိုးမျိုးတပ် ဖမ်းဆီးထောင်ချမှုများလည်းရှိခဲ့သည်။
ထိုကဲ့သို့ အခြေအနေမှ ၂၀၁၀ ပါတီစုံ ဒီမိုကရေစီ ရွေးကောက်ပွဲဖြစ်ပေါ်လာပြီးနောက် ဦးသိန်းစိန်လက်ထက် မီဒီယာ လုပ်ငန်းများကို ဖြေလျော့မှုများ ပြုလုပ်ပေးခဲ့ပြီး ပုဂ္ဂလိက သတင်းစာများ၊ ရုပ်သံဌာနများ အပြိုင်အဆိုင် ထွက်ပေါ်လာခဲ့သည်။
ဦးသိန်းစိန်အစိုးရက နိုင်ငံတကာ ယုံကြည်မှုရရှိနိုင်ရန်အတွက် သတင်းမီဒီယာများကို ဖြေလျော့မှုများပြုလုပ်ခဲ့ခြင်းကြောင့် ယင်းကာလသည် မြန်မာနိုင်ငံအတွင်း သတင်းလွတ်လပ်ခွင့် အကောင်းဆုံးအချိန်ဖြစ်သည်ဟု သတင်းထောက်များက တညီတညွတ်တည်း မှတ်ချက်ပြုကြသည်။ သို့သော် ၂၀၁၃ခုနှစ်တွင် ပြဌာန်းခဲ့သည့် ဆက်သွယ်ရေး ဥပဒေပုဒ်မ ၆၆ (ဃ) ဖြင့် မီဒီယာများကို ထိန်းချုပ်ထားခဲ့သည်။
ဦးသိန်းစိန် လက်ထက် ယင်းပုဒ်မဖြင့် သတင်းသမားများကို ဖမ်းဆီး အရေးယူ၊ တရားစွဲဆိုခဲ့သည့် အမှု ကိုးမှုထိရှိခဲ့သည်။
ထို့နောက် ၂၀၁၅ အထွေထွေရွေးကောက်ပွဲပြီး အနိုင်ရခဲ့သည့် NLD ပါတီ အစိုးရဖြစ်ပြီးနောက် သတင်းသမားများ မျှော်လင့်ထားသည့် သတင်းလွတ်လပ်ခွင့် ပိုမိုရရှိနိုင်မည်ဆိုသော မျှော်လင့်ချက်သည် ရေပေါ်စာရေးထားသကဲ့သို့ ပျက်ပြယ်ခဲ့ရသည်။
ဦးသိန်းစိန်လက်ထက်က ၆၆ (ဃ) ဖြင့် သတင်းမီဒီယာ အလုပ်လုပ်ကိုင်သူများကို အမှုဖွင့်ထားမှုသည် ၎င်းအုပ်ချုပ်ခဲ့သည့် ငါးနှစ်အတွင်း ကိုးမှုသာာရှိခဲ့သော်လည်း NLD အာဏာရပြီး တစ်နှစ်အတွင်း ၆၆ (ဃ) ဖြင့် တရားရင်ဆိုင်ခဲ့ရသည့် သတင်းသမားအရေအတွက် ၁၄ဦးထိရှိခဲ့သည်။
ထို့ပြင် စစ်တပ်က အမှုဖွင့်ထားသည့် ဖြစ်စဉ်များ၊ နိုင်ငံတော်အကြည်ညိုပျက်စေမှု ပုဒ်မ ၅၀၅(ခ) ဖြင့် အမှုဖွင့်ခံခဲ့ရသည့် သတင်းများလည်းရှိခဲ့သည်။
ခေတ်အဆက်ဆက် အစိုးရများသည် သတင်းမီဒီယာလွတ်လပ်ခွင့်အတွက် ဆောင်ရွက်နေသည်ဟု လူကြားကောင်းသည့် စကားလုံးများကို တွင်တွင်ကျယ်ကျယ်သုံးစွဲသော်လည်း မြေပြင် သတင်းသမားများသည် မည်သည့်အချိန် အမှုအခင်းနှင့် ရင်ဆိုင်ရမည်ကို မသိရှိရပေ။
ယခုကဲ့သို့ သတင်းမီဒီယာလွတ်လပ်ခွင့်ကို အစိုးရအဆက်ဆက်က ထိန်းချုပ်ခဲ့မှုများအနက် ၂၀၂၁ခုနှစ် စစ်တပ်အာဏသိမ်းပြီးနောက်ပိုင်းသည် အဆိုးရွားဆုံး တစ်ခုအဖြစ် မှတ်တမ်းတင်နိုင်ပေသည်။
စစ်တပ်အာဏာသိမ်းပြီးနောက် စစ်ကောင်စီက သတင်းသမား ၂၀၀ကျော်ကိုဖမ်းဆီးခဲ့ကာ၊ လက်ရှိအချိန်ထိ သတင်းသမား ၄၇ ဦးသည် သတင်းမီဒီယာဥပဒေနှင့် သက်ဆိုင်ခြင်းမရှိသည့် မတရားအသင်း ဆက်သွယ်မှု ဥပဒေပုဒ်မ ၁၇ (၁)၊ နိုင်ငံတော် အကြည်ညိုပျက်စေမှု ပုဒ်မ-၅၀၅ (ခ) ၊ အကြမ်းဖျက်မှု တိုက်ဖျက်ရေး ဥပဒေပုဒ်မ ၅၀(ည) တို့ဖြင့် နှစ်ရှည်ထောင်ဒဏ်ကျခံနေရသူများလည်းပါဝင်နေသည်။
ယင်းအပြင် စစ်ကောင်စီက နိုင်ငံအာဏာ ရယူပြီးနောက် လက်ရှိ အချိန်ထိ သတင်းသမား ခုနှစ်ဦးသည် အကြောင်းအမျိုးမျိုးဖြင့် စစ်ကောင်စီ၏ သတ်ဖြတ်မှုကို ခံခဲ့ရသည်။
အထက်ပါအတိုင်း စစ်ကောင်စီက သတင်းမီဒီယာသမားများကို ဖိနှိပ်မှုများကြောင့် ကမ္ဘာပေါ်ရှိ နိုင်ငံ ၁၈၀ အနက် မြန်မာနိုင်ငံ၏ သတင်းလွတ်လပ်ခွင့်သည် အဆင့် ၁၆၉ တွင်သာရှိကြောင်း နယ်စည်းမခြားသတင်းထောက်များအဖွဲ့ (RSF ) က ၂၀၂၅ခုနှစ်တွင် ထုတ်ပြန်ထားသည်။
လက်ရှိကာလအတွင်း သတင်းကို သတင်းအတိုင်း တင်ဆက်နေသည့် သတင်းသမားများသည် စစ်ကောင်စီ၏ အန္တရာယ်အပြင် အချို့သော တော်လှန်ရေးအဖွဲ့များ၏ အမြင်မကြည်မှုမျိုးကိုပါကြုံတွေ့နေရသည်။
သတင်းမီဒီယာအလုပ်သည် ဘက်လိုက်မှုကင်းပြီး အမှန်တရားကို ချပြရသည့် အလုပ်ဖြစ်သောကြောင့် အမှားကျူးလွန်းထာသူများသည် မီဒီယာသမားများကို နှစ်သက်ခြင်းပေ။
အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေး ကြေညာစာတမ်း အပိုဒ် ၁၉၌ ” လူတိုင်းတွင် လွတ်လပ်စွာ ထင်မြင်ယူဆခွင့်နှင့် လွတ်လပ်စွာ ထုတ်ဖော်ခွင့်ရှိသည်။
အဆိုပါအခွင့်အရေးများတွင် ထင်မြင်ယူဆချက်များကို အနှောင့်အယှက်ကင်းစွာဖြင့် လွတ်လပ်စွာ စွဲကိုင်ခွင့်အပြင် သတင်းအချက်အလက်နှင့် အတွေးအခေါ် အယူအဆများကို သတင်းမီဒီယာ တစ်ရပ်ရပ်မှတစ်ဆင့် နယ်နမိတ် အပိုင်းအခြားမရှိ ရှာဖွေဆည်းပူးခွင့်၊ လက်ခံခွင့်နှင့် ဖြန့်ချီခွင့်တို့ ပါဝင်သည်” ဟု ဖော်ပြထားသည်။
သို့သော် စစ်ကောင်စီ အာဏာသိမ်းပြီးနောက် လူ့အခွင့်အရေး ကြေညာစာတမ်း အပိုဒ် ၁၉ပါ အချက်သည် လုံး၀ အသက်ဝင်ချင်းမရှိတော့ပေ။