By Than Lyan / MPA
ပုပ်ရဟန်းမင်းကြီးဖရန်စစ် အတွက်ဆုတောင်းပွဲကို ယနေ့ ညနေ ၅ နာရီအချိန်ခန့်က ရန်ကုန်မြို့ ရှိ Saint Mary Church တွင်ကျင်းပခဲ့သည်။
သက်တော် ၈၈ နှစ်ရှိပြီဖြစ်သည့် ပုပ်ရဟန်းမင်းကြီးဖရန်စစ် သည် ဧပြီ ၂၁ ရက် နံနက်ခင်းတွင်ကွယ်လွန်ခဲ့ကြောင်း ဗာတီကန်က ထုတ်ပြန်ခဲ့သည်။










ပုပ်ရဟန်းမင်းကြီး သည် ပြည်တွင်းစစ်ဖြစ်ပွားနေသည့် မြန်မာနိုင်ငံအတွက် မကြာခဏ ဆုတောင်းပေးသူဖြစ်ပြီး အကြမ်းဖက်မှုများကို ရပ်တန့်ရန်၊ ဒေါ်အောင်ဆန်းစုကြည်ကို ပြန်လွှတ်ပေးရန်နှင့် ပြန်လွတ် လာပါက ဗာတီကန်တွင် ခိုလှုံနိုင်သည်ဟု ဖိတ်ခေါ်ထားသူ ဖြစ်သည်။
ပုပ်ရဟန်းမင်းကြီးသည် ၂၀၁၇ နိုဝင်ဘာတွင် မြန်မာနိုင်ငံသို့ လေးရက်ကြာခရီးလာရောက်ခဲ့ပြီး ဒေါ်အောင်ဆန်းစုကြည်နှင့်လည်းတွေ့ဆုံခဲ့သည်။
ပုပ်ရဟန်းမင်းကြီးသည် နိုဝင်ဘာ ၂၉ ရက်နေ့ နံနက်ပိုင်းတွင် ရန်ကုန်မြို့ ကျိုက္ကဆံကွင်းတွင် မစ္ဆားတရားတော်မြတ်ကို ကျင်းပခဲ့ပြီး အဆိုပါပွဲသို့ တစ်နိုင်ငံလုံးမှ ကတ်သလစ်ဘာသာဝင် နှစ်သိန်းနီးပါး တက်ရောက်ခဲ့သည်။
မြန်မာနိုင်ငံ၏ လူဦးရေ ၅၁ သန်းအနက် ခုနစ်သိန်းခန့်မှာ ရိုမန်ကတ်သလစ်ဘာသာဝင်များ ဖြစ်ကြသည်။