By Myo Thiha / MPA
ယနေ့ (ဧပြီ ငါးရက်) ၊ ည ၈နာရီ ၁၅မိနစ်က မန္တလေးမြို့၌ မိုးသည်းထန်စွာရွာသွန်းပြီး လေပြင်းများ တိုက်ခတ်မှုကြောင့် ငလျင်ရှောင် Camp များ ပျက်စီးခဲ့ကြောင်း မြို့ခံများထံမှ စုံစမ်းသိရှိရသည်။
ငလျင်ဘေးကြောင့် နေအိမ်ပြိုပျက်ခဲ့သူများ၊ ပြိုကျခါနီးနှင့် အက်ကွဲနေသည့် အဆောက်အဦးများ၌ မနေထိုင်ရဲသည့် မန္တလေးဒေသခံများသည် ကျုံးပတ်လည်၊ ဘောလုံးကွင်းနှင့် လယ်ကွင်းကဲ့သို့သော နေရာများ၌ တဲများ၊ မိုးကားဖြင့် နေထိုင်နေခြင်းလည်းဖြစ်သည်။
“ မိုးရွာမယ်၊ လေပြင်းတိုက်မယ်ဆိုတာကိုတော့ ဟိုးနေ့ကတည်းက ကြားတာ၊ မိုးရွာတာတော့ခဏပါပဲ၊ ဒါပေမဲ့ ငလျင်ရှောင်စခန်းတွေ တော်တော်များများပျက်စီးသွားတယ် ” ဟု ချမ်းအေးသာစံမြို့နယ်ရှိ ငလျင်ဘေးသင့် ပြည်သူတစ်ဦးကပြောသည်။





ထိုကဲ့သို့ မိုးရွာသွန်းခဲ့မှုကြောင့် ကျုံးဘေး၊ လမ်းဘေးများ၌ ငလျင်ရှောင်နေသူများသည် ပြိုကျခါနီး အဆောက်အဦးနှင့် အက်ကွဲကြောင်းများ ဖြစ်နေသည့် မိမိတို့ နေအိမ်များသို့ ပြန်လည်ဝင်ရောက်နေထိုင်ခဲ့ကြကြောင်း သိရသည်။
“ လေပါလာတော့ တဲတွေ၊ မိုးကာတွေပါ လွင့်ကုန်တယ် ၊ ညနေပိုင်းနေတဲ့အရိပ်ရဖို့ မိုးထားတဲ့ ထီးတွေလဲ လန်ကုန်တယ်။Camp မှာရှိတဲ့ Solar မီးတိုင်တွေလည်း လဲကုန်တယ်” ဟုမန္တလေးမြို့ လမ်း၃၀၊ ၇၃လမ်း၊ မင်္ဂလာစျေးဟောင်းရှိ ငလျင် Camp တစ်ခုမှ ပြည်သူတစ်ဦးက ပြောသည်။
ယခုကဲ့သို့ မိုးသည်းထန်စွာ ရွာသွန်းပြီးနောက် ငလျင်ကြီးထပ်မံ လှုပ်ခတ်မည်ကိုလည်း ဒေသခံများက စိုးရိမ်သောကြောင့် မိုးတိတ်သွားသည်နှင့် Camp များသို့ ပြန်လည်ရောက်ရှိကာ တဲပြန်ထိုး၍ နေထိုင်နေကြောင်း သိရသည်။
အချိန်အခါမဟုတ် မိုးရွာသွန်းခြင်းနှင့် လေပြင်းတိုက်ခတ်မှုသည် မန္တလေးမြို့တင်မက ငလျင်ဒဏ်ကြောင့် အဆောက်အဦး ၉၀ ရာခိုင်နှုန်းခန့် ရှိသည့် စစ်ကိုင်းမြို့တွင်လည်း ဖြစ်ပွားခဲ့သည်။
စာတည်း-ကိုဆန်း