By Ko Paing / MPA
သင်တန်းဆင်းရဲဘော်များကို စစ်မြေပြင်အတွေ့အကြုံ ရရှိစေရန်အတွက် ရှေ့တန်းသို့ ပို့ဆောင်နေပြီဖြစ်ကြောင်း Myingyan Black Tiger (MBT)ထံက သိရသည်။
ဒီဇင်ဘာသုံးရက်တွင် Myingyan Black Tiger (MBT) မြင်းခြံခရိုင်အမှတ်ကိုးတပ်ရင်းက အခြေခံစစ် ပညာသင်တန်းအပတ်စဉ် ၁၅ သင်တန်းဆင်းပွဲ ကျင်းပပြီးနောက် သင်တန်းဆင်း ရဲဘော်၁၀ဦးကို စစ်ကူအဖြစ် ရှေ့တန်းသို့ ပို့ဆောင်ခြင်းဖြစ်ကာ နောက်ထပ် ရဲဘော်သစ်များကိုလည်း ထပ်မံပို့ဆောင်သွားမည်ဖြစ်ကြောင်းသိရသည်။
“လက်ရှိ လောလောဆယ်တော့ ရှေ့တန်းစစ်မြေပြင်မှာ အတွေ့အကြုံရဖို့ စစ်ကူပို့ထားပါတယ်။ ဒီလိုပဲ ဖြည်းဖြည်းချင်း အတွေ့အကြုံရဖို့ လက်တွဲခေါ်ယူရမှာပဲ။လက်နက်ကတော့ ၁၀ လက်ပဲ တပ်ဆင်ပေးနိုင်ပါတယ်။ယူနီဖောင်းလည်း မဆင်နိုင်သေးပါဘူး။လက်နက် မဆင်နိုင်သေးလို့ အကုန်လုံးကို မပို့နိုင်သေးတာပါ။နောက်တော့ ကျန်တဲ့ရဲဘော်တွေကိုလည်း သက်ဆိုင်ရာ နယ်မြေအလိုက်ပို့သွားမှာပါ”ဟု Myingyan Black Tiger (MBT) မြင်းခြံခရိုင်အမှတ်ကိုးတပ်ရင်း မှ တပ်ရင်းမှူး ဗိုလ်မိုက်ခဲ ကပြောသည်။
အခြေခံစစ်ပညာသင်တန်းအပတ်စဉ် ၁၅ ၏ သင်တန်းကာလမှာ ရက်ပေါင်း ၃၀ ကြာပြီး သင်တန်းသားသစ် ၄၀ တက်ရောက်ခဲ့ခြင်းဖြစ်သည်။
အပတ်စဥ်အသီးသီးမှ သင်တန်းဆင်းရဲဘော်များကို Myingyan Black Tiger (MBT)က ထုတ်လုပ်သည့် တစ်တောင့်ထိုးလက်လုပ်သေနတ်များ တပ်ဆင်ပေးထားသော်လည်း ရန်ပုံငွေအခက်အခဲကြောင့် လိုအပ်ချက်များရှိနေသေးကြောင်း ၎င်းကဆိုသည်။
မြင်းခြံခရိုင်အမှတ်ကိုးတပ်ရင်း(MBT)သည် အခြေခံစစ်ပညာသင်တန်း အပတ်စဥ်တစ် မှ ၁၅ အထိ ပေးကာ PDFရဲဘော် ၃၀၀ ကျော် မွေးထုတ်ပြီးပြီဖြစ်ကြောင်း သိရသည်။