By Nway / MPA
ရှမ်းပြည်နယ်မြောက်ပိုင်း သန္နီ၊ လားရှိုးနှင့် မိုးမိတ် မြို့သိမ်းတိုက်ပွဲများတွင် အောင်ပွဲ ရရှိခဲ့သော PLA ရဲဘော်များသည် အညာဒေသ၌ မဟာမိတ်အဖွဲ့များနှင့် စစ်ဆင်ရေးဖော်ဆောင် သွားမည် ဖြစ်ကြောင်းသိရသည်။
၁၀၂၇ စစ်ဆင်ရေး ပထမပိုင်းနှင့် ဒုတိယပိုင်းတွင် ယင်းမြို့များ၌ တာဝန်ကျေပွန်စွာ ထမ်းဆောင်ခဲ့ သော PLA ရဲဘော်များကို အညာဒေသတစ်နေရာတွင် ပြည်သူလူထုက လှိုက်လှဲစွာ ကြိုဆိုခဲ့ကြ ကြောင်း ပြည်သူ့လွတ်မြောက်ရေးတပ်မတော် PLA ထံက သိရသည်။
“ PLA တပ်ဖွဲ့တွေ တချို့တစ်ဝက်လည်း အညာဒေသကို ပြန်ရောက်ပြီဆိုတော့ အညာမှာရှိတဲ့ တခြားမဟာမိတ်တပ်ပေါင်းစုတွေ၊ PDF ၊ Local PDF ၊ ပကဖတွေပါမယ်။ တခြားအဖွဲ့ပေါင်းစုံပေါ့နော်။ အားလုံးနဲ့ပူးပေါင်းပြီး စစ်ဆင်ရေးဖော်ဆောင်ဖို့ရှိပါတယ်” ဟု ပြည်သူ့လွတ်မြောက်ရေးတပ်မတော် ( PLA ) ၏ အထွေထွေအတွင်းရေးမှူး ရဲဘော်နီနီကျော်က MPA ကို ပြောသည်။
ထို့ပြင် PLA ရဲဘော်များသည် ၎င်းတို့အခြေစိုက်ရာဒေသများတွင် ပြည်သူလူထုကို ဆေးဝါးကုသ ပေးခြင်း၊ စာသင်ကြားပေးခြင်းစသည့် လူထုအကျိုးပြုလုပ်ငန်းများ လုပ်ဆောင်နေကြောင်း သိရသည်။
“ လမ်းပြင်တာတွေ၊ လယ်ယာလုပ်ငန်းမှာ ဝင်ကူပေးတာတွေ၊ ဘာသာရေးနဲ့ပတ်သက်တဲ့ အဆောက်အအုံတွေ ပြင်ဆင်ပေးတာတွေ၊ မိဘမဲ့ ကလေးတွေကို ကူညီစောင့်ရှောက်ပေးတာတွေ လုပ်နေပါတယ်” ဟု ၎င်းက ဆက်လက်ပြောသည်။
PLA သည် အမှတ်တစ် စစ်ဒေသ (စစ်ကိုင်းတိုင်း) ၊ အမှတ်နှစ် စစ်ဒေသ (တအာင်းဒေသ) ၊ အမှတ် ရှစ် စစ်ဒေသ (တနင်္သာရီတိုင်း) နှင့် အမှတ်ကိုး စစ်ဒေသ (အရှေ့မြောက်ဒေသ) စသည်ဖြင့် စစ်ဒေသများခွဲထားပြီး မဟာမိတ်တပ်ဖွဲ့များနှင့်ပူးပေါင်းကာ တိုက်ပွဲများဖော်ဆောင်နေကြောင်း သိရသည်။












