By Than Lyan / MPA (Photo News)
မန္တလေးတိုင်း၊ ရမည်းသင်းခရိုင်၊ ပျော်ဘွယ်မြို့နယ်ရှိ နေပူကုန်းရွာသည် ရေကြီးရေလျှံမှုကြောင့် တစ်ရွာလုံးနီးပါး ရေစီးဖြင့် မျောပါခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။
၂၀၂၄ခုနှစ်၊ စက်တင်ဘာလအတွင်း ရာဂီမုန်တိုင်းအရှိန်ကြောင့် မြန်မာနိုင်ငံအနှံ့ရေကြီးရေလျှံမှုဖြစ်ပေါ်ခဲ့ပြီး ရေဘေးသင့်ခဲ့သည့် ကျေးရွာအများအပြားတွင် နေပူကုန်းရွာလည်း ပါဝင်ခဲ့သည်။
“ ရေကညဘက်ကြီးတက်လာတာ၊ တစ်ရွာလုံး အိမ်ခေါင်မိုးပေါ် တက်နေရတယ်။ ဒီလိုရေကြီးတာမျိုး တစ်ခါမှ မကြုံခဲ့ဖူးဘူး။ ကျတော့်အိမ်လဲ ရေစီးနဲ့ပါသွားတယ်။ ကိုယ့်ရှေ့တင်ဖြစ်သွားတာကို ရင်နာနာနဲ့ကြည့်ခဲ့ရတယ်။ ရွာထဲမှာ ပျောက်နေတဲ့သူတွေ အများကြီးရှိတယ်။ ရေစီး အရမ်းသန်တော့ လူတွေမျောပါကုန်ကြတာ” ဟု နေပူကုန်းကျေးရွာ ဒေသခံတစ်ဦးက ပြောသည်။
အဆိုပါကျေးရွာသည် အိမ်ခြေ တစ်ရာကျော် ရှိပြီး ရေစီးဖြင့် အိမ်အားလုံးနီးပါး မျောပါခဲ့ပြီး သေဆုံးသူ ကိုးဦးထိရှိခဲ့ကာ၊ လက်ရှိအချိန်ထိ ပျောက်ဆုံးနေသူများလည်းရှိနေကြောင်း ဒေသခံများထံမှ သိရသည်။
ထိုကဲ့သို့ ရွာလုံးကျွတ် ရေစီးဖြင့် မျောပါခဲ့သည့် နေပူကုန်းကျေးရွာဒေသခံများအနေဖြင့် စားနပ်ရိက္ခာများလိုအပ်သလို ပြန်လည်ထူထောင်ရေးအတွက်လည်း အကူအညီများလိုအပ်လျက်ရှိနေသည်။











