By Bala / MPA
ကရင်နီပြည်နယ်၊ ရှားတောမြို့နယ်၊ ပွန်ချောင်းအနီးရှိ ရေဘေးသင့်စစ်ရှောင်များ အရေပြားရောဂါဖြစ်ပွားနေကြောင်း နွေဦးအားမာန် ဖောင်ဒေးရှင်းထံက သိရသည်။
ယင်းရေဘေးသင့် စစ်ရှောင်များသည် ကရင်နီပြည်နယ်ရှိ ဝေးလံခေါင်ဖျားသည့် အရပ်မှ စစ်ရှောင်များဖြစ်ပြီး ယနေ့(စက်တင်ဘာ၂၆ရက်)နံနက် ၁၀နာရီမှ စတင်ကာ အလှူရှင်များ ကိုယ်စား နွေဦးအားမာန်ဖောင်ဒေးရှင်းက အခမဲ့ဆေးကုသပေးခဲ့ကြောင်း သိရသည်။
“ တွေ့ရတဲ့ရောဂါတွေကတော့ အဓိကကတော့ အရေပြားရောဂါပေါ့။ဝဲရောဂါတွေအများကြီး တွေ့ရ တယ်။နာတာရှည်ရောဂါဆိုလို့ရှိရင် သွေးတိုးတာတွေ၊ဆီးချိုရောဂါတွေအများကြီးတွေ့ ရတယ်။ ဆီးချိုကို သေချာထိန်းချုပ်မှုရအောင်လုပ်ရမယ်။ထိခိုက်ဒဏ်ရာကနေတစ်ဆင့် ဆီးချိုကြောင့်ဖြစ်တဲ့ အနာတွေဖြစ်ပွားနိုင်တယ်။ဒီနေ့လူနာတစ်ယောက်ဆို သမားတော်လိုလူမျိုးနဲ့သေချာပြုစုကုသမှုပေး ဖို့ လို တယ်။ အခုက တအားဝေးတော့ သူတို့ကလာပြဖို့မလွယ်ဘူး။အခုလောလောဆယ်ကတော့ ကျမတို့ခေါ်သွားပေးမှာဖြစ်တဲ့အတွက် ဆေးရုံရောက်သွားမယ်ပေါ့” ဟု နွေဦးအားမာန်ဖောင်ဒေးရှင်း တည်ထောင်သူ ဒေါ်မေရီထက်က MPAသို့ပြောသည်။
စက်တင်ဘာရှစ်ရက်မှစတင်ကာ ပွန်ချောင်းရေမြင့်တက်လာမှုကြောင့် လူဦးရေ ၃၀၀ကျော်ရှိသည့် စစ်ရှောင်စခန်းတစ်ခုတွင် နေအိမ် ၄၀ကျော် ရေဖုံးလွှမ်း ပျက်စီးခဲ့ကြောင်း ယင်းစစ်ရှောင်စခန်းရှိ စစ်ရှောင်စာသင်ကျောင်းတာဝန်ခံ ခူးကိုရယ်က ပြောသည်။
“ အခုက ဝမ်းပျက်ဝမ်းလျောရောဂါတော့မဖြစ်သေးဘူး။ချိုးရေရော၊သောက်ရေရော ခက်ခဲတယ်။ မိုးကာတွေကတော့ အဓိကလိုတယ်။ဒီဘက်က မိုးလည်းမပြတ် ရေလည်းတက်တယ်လေ။ ဒီဘက် မှာက နွေရာသီဆိုလမ်းပန်းဆက်သွယ်ရေးကအဆင်ပြေသေးတယ်။မိုးရာသီဆို လမ်းအခြေအနေ ကဆိုးတယ်။မိုးရာသီဆိုရင် တချို့တွေက မလာနိုင်ဘူး။ အဲ့ဒါတွေကြောင့် အကူအညီတွေက မလာကြတာလို့ထင်တယ်။လာကူပေးတဲ့အဖွဲ့တွေက ပုံမှန်မရှိပေမယ့် လာကြ ပါတယ်” ဟု ၎င်းက ပြောသည်။
လက်ရှိတွင် ပွန်ချောင်းအနီးမှ အိမ်ထောင်စုက ၈၇စုသည် စစ်ဘေးဒဏ်သာမက ရေဘေးဒဏ်ပါခံနေရပြီး ယားနာဝေဒနာ အပြင် တုပ်ကွေးရောဂါလည်း ခံစားနေရကြောင်း သိရသည်။
















