By Bala / MPA
ရှမ်း-ကရင်နီနယ်စပ်ရှိ မိုးဗြဲမြို့နယ်၊ဝါရီစူးပလိုင်ရွာမှ စစ်ဘေးရှောင်များ ရေဘေးသင့်ခြင်းဒဏ် ခံနေရသည်မှာ တစ်လကျော်ကြာပြီဖြစ်သဖြင့် အခက်အခဲများစွာ ကြုံနေရကြောင်း သိရသည်။
ဩဂုတ်၁၆ရက်မှ စတင်ကာ မိုးသည်းထန်စွာရွာသွန်းမှုနှင့် မိုးဗြဲဆည် ရေလျှံကျမှုတို့ကြောင့် စစ်ဘေးရှောင်များ နေထိုင်ရာ ဝါရီစူးပလိုင်ရွာတွင် ရေကြီးရေလျှံမှုများဖြစ်ပေါ်ခဲ့ကြောင်း ဝါရီစူးပလိုင်ရွာနေ အမျိုးသားတစ်ဦးက ပြောသည်။
“ ဝါရီစူးပလိုင်ရွာမှာ ရေက နေအိမ်အကုန်လုံးနီးပါးကို မြုပ်နေပြီ။အများအားဖြင့် နေကြတာကတော့ စစ်ရှောင်တွေပေါ့။ရွာမှာဆို စစ်ရှောင်စုစုပေါင်း ၉၀၀ကျော်တယ်။အိမ်တွေအကုန်မြုပ်တာပေါ့။ ရေဘေးကြောင့် သေတာဆိုလို့ သုံးလသားအရွယ်ကလေးတစ်ဦးပဲရှိ တယ်” ဟု ၎င်းက MPAသို့ ပြောသည်။
ဝါရီစူးပလိုင်ရွာတွင် ယနေ့ (စက်တင်ဘာ ၁၉ရက်)အထိ ရေများဆက်လက်မြင့်တက်နေပြီး ရွာရှိ နေအိမ် အားလုံးနီးပါးရေနစ်မြုပ်နေဆဲဖြစ်ကာ ဝမ်းပျက်ဝမ်းလျောရောဂါ၊အရေပြားရောဂါနှင့် တုပ်ကွေးရောဂါများ ဖြစ်ပွားနေကြောင်း ရေဘေးရှောင်နေသူတစ်ဦးက ပြောသည်။
“စပါးခင်းတွေလည်း ရေတွေမြုပ်တော့ ငွေမပေါ်တော့ဘူး။ဒီမှာနေတဲ့သူတွေကလည်း စစ်ရှောင်တွေ များတော့ ခက်ခဲရတဲ့အထဲ ရေဘေးပါရှောင်ရတော့ အကူအညီအရမ်းလိုတာပေါ့။အဓိကလိုတာက ဆန်၊ဆီ၊ဆားပေါ့။နေစရာကတော့ ဘေးလွတ်ရာမှာ နေနေကြတာဆိုတော့ မပူရသေးဘူး။ နောက်တစ်ခုကဆေးပေါ့။ကလေးတွေရော၊သက်ကြီးရွယ်အိုတွေရော အရေပြားတွေယားပြီး အနာတွေဖြစ်တယ်။ဝမ်းလျှောကြတယ်။ တုပ်ကွေးဖြစ်ပြီး ချောင်းတွေလည်း ဆိုးကြတယ်” ဟု ၎င်းက ပြောသည်။
ကရင်နီပြည်နယ်ရှိ နေရာအများအပြားတွင် ရေကြီးနေသဖြင့် ကရင်နီပြည်ကြားကာလအုပ်ချုပ်ရေးကောင်စီ (IEC )အနေဖြင့် လက်လှမ်းမီသလောက်သာ ကူညီပံ့ပိုးနိုင်ပြီး CSOများနှင့် ညှိနှိုင်းကာ လိုအပ်သည့် ပစ္စည်းများ ဝိုင်းဝန်းကူညီပေး လျက်ရှိကြောင်း IEC၊လူသားချင်းစာနာထောက်ထားရေးနှင့်ပြန်လည် ထူထောင်ရေးဌာန၊ ဒုဌာနမှူးတစ် မော်ရီးရီ က MPAသို့ ပြောသည်။
“ လက်တလောမှာကတော့ရေကြီးတဲ့နေရာတွေနဲ့ ဝေးရာနေရာတွေမှာ တချို့မိသားစုတွေကို ရွှေ့ ထားတာတွေရှိတယ်။တချို့စစ်ရှောင်စခန်း နေရာဆံ့နိုင်သေးတဲ့နေရာတွေမှာ ခေတ္တနေရာရွှေ့ထား ပေးတာတွေရှိတယ်။ကျွန်မတို့ဒီကူညီထောက်ပံ့မှုမှာ အကုန်လုံး ပံ့ပိုးပေးနိုင်တဲ့အချိန်ကျရင်တော့ အခြေကျနေမယ့်နေရာကို ဆက်လက်ပြီးစဉ်းစားတာပေါ့နော်။ နောက်ပြီးတော့ စားနပ်ရိက္ခာကို ရေကြီးတဲ့အတွက် ကားနဲ့သွားလို့မရတဲ့နေရာတွေဆို စက်လှေတွေစီစဉ်ပြီးမှ စားနပ်ရိက္ခာတွေ ပို့ဖို့ စီစဉ်နေတာတွေရှိတယ်” ဟု ၎င်းက ပြောသည်။
လက်ရှိတွင် ဝါရီစူးပလိုင်ရွာရှိ ရေဘေးသင့်စစ်ဘေးရှောင်များ၏ ပစ္စည်းများ နေရာရွှေ့ပြောင်းမှုကို စက်လှေတစ်စီးသာ ရှိသဖြင့် အလှည့်ကျစနစ်ဖြင့် ရွှေ့ပြောင်းနေရကြောင်း MPAက စုံစမ်းသိရသည်။