By Than Lyan / MPA (Photo News)
မန္တလေးတိုင်း၊ ရမည်းသင်းမြို့နယ်တွင် မိုးသည်းထန်စွာရွာသွန်းပြီးနောက် ချောင်းရေများ မြင့်တက်ခြင်း၊ တောင်ကျရေစီးဆင်းခြင်းနှင့် တောင်များပြိုခြင်းများကြောင့် သပြေပင်ရွာသည် ရွာလုံးကျွတ် ရေနစ်မြုပ်ခဲ့ကာ ၂၀၂၄ခုနှစ်၊ စက်တင်ဘာ ၁၂ရက်တွင် ရေပြန်ကျသွားသော်လည်း တစ်ရွာလုံးနီးပါး နုန်းများနစ်မြုပ်ခဲ့သည်။
သပြေပင်ကျေးရွာသည် အိမ်ခြေ ၂၀၀ကျော်ရှိပြီး ရေကြီးရေလျှံမှုကြောင့် လူသေပျောက်များခဲ့သော်လည်း စစ်ကောင်စီ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်ချုပ် ဇော်မင်းထွန်းက လူရှစ်ဦးသာ သေဆုံးသည်ဟု ဖြေကြားထားသည်။
သို့သော် မြေပြင်အချက်အလက်များအရ လက်ရှိအချိန်ထိ ပျောက်ဆုံးနေသည့် လူတစ်ရာကျော်ရှိပြီး နုန်းများအောက် သေဆုံးနေသည့် ရုပ်အလောင်းများကိုလည်း ဆယ်ယူ၍ မရသေးကြောင်း ပရဟိတအဖွဲ့များထံမှ သိရသည်။
“ အလောင်းတွေ ကျန်နေသေးပါတယ်။ ရွာလုံးကျွတ်နီးပါး ရေထဲမျောသွားတာ ပျောက်ဆုံးနေတဲ့ ရွာသားတွေ အများအပြားရှိနေသေးတယ်။ နာဂစ်ပြီးရင် အထိအနာဆုံးပဲလို့ ရွာသားတွေက ပြောတယ်” ဟု သပြေပင်ကျေးရွာ၌ ကူညီကယ်ဆယ်ရေးများ လုပ်ဆောင်နေသည့် ပရဟိအဖွဲ့ဝင် တစ်ဦးက ပြောသည်။
လက်ရှိ သပြေပင်ကျေးရွာရေကြီးနစ်မြုပ်မှုကြောင့် သေဆုံးခဲ့သူများ၏ ရုပ်အလောင်း ၁၇လောင်းထိ ရှာဖွေတွေ့ရှိထားကြောင်း ကူညီကယ်ဆယ်ရေးလုပ်ဆောင်နေသူများထံမှ သိရသည်။
သပင်ပြေကျေးရွာသည် မိုးထိမိုးမိ ရွှေလုပ်ကွက်အနီးတွင်တည်ရှိပြီး ၎င်းရွှေလုပ်ကွက်မှ ရွှေတူးဖော်မူများ လုပ်ဆောင်ရာတွင် သစ်ပင်များ အလွန်အကျွံ ခုတ်ယူမှုကြောင့် ယခုကဲ့သို့ ရေကြီးရေလျှံမှုကို ဆိုးဆိုးရွားရွားခံစားခဲ့ရ ခြင်းဖြစ်ကြောင်း ဝေဖန်မှုများလည်းရှိနေသည်။