ရန်ကုန်တိုင်း၊ အရှေ့ဒဂုံ မြို့နယ်ရှိ ရေလွှမ်းခံရသော နေရာများတွင် မသန့်ရှင်းသော ရေမှတစ်ဆင့် ယားနာရောဂါများ ဖြစ်ပေါ်နေကြောင်း စုံစမ်းသိရှိရသည်။
“ ယားနာပျောက်ဆေးပေးရင် တော်ပါပြီ။ ခရုတွေက ယားတာလား မသိဘူး။ တစ်ကိုယ်လုံး ယားတာ” ဟု ၁၂၇ ရပ်ကွက်ရှိ ဒေသခံတစ်ဦးကဆိုသည်။
ရေလွှမ်းခံရသော ရပ်ကွက်နေပြည်သူများအား လူမှုကူညီရေး အသင်းအသီးသီးမှ စားနပ်ရိက္ခာများ ကူညီထောက်ပံ့မှုရှိသော်လည်း မသန့်ရှင်းသော ရေအား အမြဲထိတွေ့နေရခြင်းကြောင့် ဖြစ်ပေါ်လာသည့် ယားနာများအတွက် ဆေးဝါးအကူအညီများ လိုအပ်နေခြင်းဖြစ်သည်။
“ ယားတယ်။ ခြေဝဲတွေစားတယ်။ အနာတွေ ပေါက်တယ်။ ရေတွေက မသန့်တော့။ အဖွားဆို ဟိုနေ့က ငိုတောင်ငိုချင်ပါတယ်ဆိုမှပဲ။ ဆေးဝယ်တော့လည်း ဆိုင်တွေမရ။ ကုတ်လိုက်ရင် ပိမ့် ကြီးတွေ ဖြစ်ဖြစ်လာတာ” ဟု ၁၅၆ ရပ်ကွက်ရှိ ဒေသခံတစ်ဦးကလည်း ဆိုသည်။
လတ်တလောတွင် အရှေ့ဒဂုံ မြို့နယ်ရှိ ရေနစ်မြုပ်နေသော ရပ်ကွက်များမှ ဒေသခံပြည်သူ အားလုံးနီးပါးတွင် ယားနာများ ဖြစ်ပွားနေပြီး ဆေးဝါးအလွယ်တကူဝယ်ယူ၍ မရသဖြင့် ဆေးဝါးအထောက်အပံများ လိုအပ်နေသည်ဟု ဒေသခံများက တောင်းဆိုထားသည်။












