စစ်ကောင်စီ၏ ပစ်ခတ်မှုများကြောင့် ကျဆုံးသွားသော အပြစ်မဲ့အရပ်သားပြည်သူများအတွက် ထမင်းတနပ် ၁၅ ဘတ်အဖွဲ့နှင့် နွေဦးတော်လှန်ရေး ဘာသာပေါင်းစုံ ကွန်ရက်တို့မှ ဦးဆောင်ကာ လွတ်မြောက်နယ်တစ်နေရာတွင် ဆုဆောင်းပွဲ ပြုလုပ်ခဲ့သည်။
“အခုလို ဆုတောင်းပွဲ လုပ်ရတာကတော့ စစ်ပွဲမှာ လက်နက်ကိုင်နေတဲ့သူ အချင်းချင်း တိုက်ပွဲမဝင် စစ်မတိုက်ဘဲ စစ်နိုင်ချင်နေတဲ့ စစ်တပ်ကို ဆန့်ကျင်ဖို့ပါ။ နောက်တစ်ခုက စစ်ပွဲမှာ အမျိုးသမီးတွေနဲ့ ကလေးတွေကို သေဆုံးအောင် အကြမ်းဖက်နေတဲ့ စစ်တပ်ကို ရှုတ်ချဖို့ပါ။ အဲ့ဒီအပြင် ပြည်ထောင်စုသားတွေ လူမျိုးစုံ ဘာသာစုံတွေ ဘယ်နေရာ ဘယ်ဒေသမှာပဲ နေနေ လက်သည်းစိတ်ရင် လက်ထိပ်နာတယ်ဆိုတာ သိဖို့အတွက် လုပ်တာဖြစ်ပါတယ်”ဟု ထမင်းတစ်နပ် ၁၅ ဘတ်အဖွဲ့ တည်ထောင်သူ ကိုမင်းသွေးသစ်က ပြောသည်။
စစ်ကောင်စီ၏ လူမဆန်စွာ ပစ်ခတ်မှုများကြောင့် ကျဆုံးသွားသော အပြစ်မဲ့ အရပ်သားပြည်သူများအတွက် တော်လှန်ရေးအင်အားစုများ စုပေါင်းကာ ဆုတောင်းပေးခြင်းဖြစ်ပြီး တော်လှန်အနုပညာရှင်များမှလည်း ဝမ်းနည်းကြောင်းစကားများ ပြောကြားခဲ့သည်။
“စစ်တပ်က လက်နက်အားကိုနဲ့ ပြည်သူတွေကို ဗုံးကြဲတယ်။ မီးရှို့တယ်၊ စသဖြင့် အမျိုးစုံ နှိပ်စက်ခဲ့တာတွေရှိပါတယ်။ သူတို့ (စစ်ကောင်စီ) ရဲ့ အကြမ်းဖက်မှုတွေကြောင့် ပြည်သူတွေက မိမိချစ်ရတဲ့ ချစ်သူတွေ၊ မိသားစုတွေကို ဆုံးရှုံးခဲ့ကြရတယ်။ ပြည်သူတွေရဲ့ ဆုံးရှုံးမှုဟာ အရမ်းကြီးမားတဲ့အတွက် သူတို့အတွက် နှစ်သိမ့်ပေးနိုင်ဖို့ ခွန်အားလည်း မရှိပါဘူး။ ဒါကြောင့် ကျွန်မအနေနဲ့ ကတိပေးနိုင်တာက ပြည်သူတွေဘက်ကနေ အမြဲရပ်တည်သွားပါမယ်ဆိုပါပဲ”ဟု တော်လှန်အနုပညာရှင်တစ်ဦးဖြစ်သည့် သရုပ်ဆောင် ပိုင်ဖြိုးသုက ပြောသည်။
နိုင်ငံတကာ အနေဖြင့်လည်း စစ်တပ်၏ ကျူးလွန်မှုများကို ဝမ်းနည်းကြောင်း ဖော်ပြရုံဖြင့် မလုံလောက်ကြောင်းနှင့် အာဏာသိမ်းစစ်ခေါင်းဆောင်အား ထိရောက်သော အပြစ်ပေးအရေးယူခြင်းများ မလုပ်နိုင်ပါက အပြစ်မဲ့အရပ်သားများအပေါ် လက်နက်ကြီးများ သုံး၍ ထိုးစစ်ဆင်နေဦးမည်ဖြစ်ကြောင်း တော်လှန်ရေးအင်အားစုများမှ ပြောသည်။
“စစ်ကောင်စီရဲ့ တိုက်ခိုက်မှုကြောင့် စစ်ရှောင်စခန်းမှာ ရှိတဲ့ အပြစ်မဲ့ သူပြည်သူတွေ သေဆုံးခဲ့ရတယ်။ ထိခိုက်ဒဏ်ရာတွေ ရခဲ့ကြရတယ်။ ဒါပေမယ့် စစ်ကောင်စီကတော့ သူတို့ရဲ့ လုပ်ရပ်မဟုတ်ပါဘူးလို့ ငြင်းဆိုထားပေမယ့်လည်း အခုနောက်ပိုင်း သူတို့ (စစ်ကောင်စီ) ရဲ့ လေကြောင်းတိုက်ခိုက်မှုတွေအား လိမ်လည်ထားတယ်လို့ တွေ့ရတယ်။ လက်နက်ကြီးနဲ့ အရင်ပစ်ခတ်ပြီး လက်နက်သံတွေကြောင့် လေယာဉ်သံကို မကြားရတော့မှ လေကြောင်းကနေ ပေါင်အင်မတန်များတဲ့ ဗုံးတွေနဲ့ ကြဲချပြီး ပြည်သူတွေကို တိုက်ခိုက်ခဲ့တာပါ။ နိုင်ငံတကာမှာ ရှိတဲ့ တော်လှန်ရေးရဲဘော်ရဲဘက်နဲ့ တော်လှန်ရေးအစုအဖွဲ့အသီးသီးကို တောင်းဆိုချင်တာက နိုင်ငံတကာမှာ စစ်ရှောင်တွေရဲ့ ကိစ္စတွေကို ဖော်ထုတ်ပြောဆိုပေးပါလို့ တောင်းဆိုချင်ပါတယ်”ဟု ကချင်ပြည်နယ် လူငယ် လူထုလှုပ်ရှားမှုအသင်း၏ ပြောရေးဆိုခွင့်ရှိသူ မဆွတ်ဆိုင်းထွယ်က ပြောသည်။
အောက်တိုဘာလ ၉ ရက်နေ့က ကချင်ပြည်နယ်၊ KIO ဌာနချုပ်ရှိရာ လိုင်ဇာမြို့နှင့် ၂ မိုင်ခန့်သာဝေးသည့် မုန်လိုင်ခက်စစ်ရှောင်စခန်းအား စစ်ကောင်စီ၏ လေကြောင်းတိုက်ခိုက်မှုကြောင့် ၂ လသားအရွယ် ကလေးငယ်အပါအဝင် စစ်ရှောင်ပြည်သူ အယောက် ၃၀ နီးပါး သေဆုံးခဲ့ကာ အယောက် ၆၀ နီးပါး ထိခိုက်ဒဏ်ရာများ ရရှိခဲ့သည်။









