ကဆုန်လပြည့်နေ့ အထိမ်းအမှတ်အဖြစ် အကျဉ်းထောင်၊ အချုပ်ထောင်၊ စခန်းအသီးသီးတွင် ရာဇသတ်ကြီး ပုဒ်မ ၅၀၅ -က အရ ပြစ်ဒဏ်ကျခံလျက် ရှိသည့် အကျဉ်းသား၊ အကျဉ်းသူ ၂၁၅၃ ဦးကို ကျင့်ထုံး ဥပဒေ ပုဒ်မ ၄၀၁ အရ ခံဝန်ကတိလက်မှတ်ထိုးကာ ပြန်လွှတ်ပေးမည် ဖြစ်ကြောင်း ယနေ့ မေလ ၃ ရက်နေ့ ရက်စွဲဖြင့် စစ်ကောင်စီမှ ထုတ်ပြန်ကြေညာလိုက်ပြီးနောက် လက်ရှိတွင် အင်းစိန်ထောင်မှ ပုဒ်မ ၅၀၅ (က) နှင့် ထောင်ကျသူအချို့ကို ပြန်လွှတ်ပေးနေပြီဖြစ်ကြောင်း မြေပြင်သတင်းအရင်းအမြစ်များထံမှသိရသည်။
ယနေ့ မေလ ၃ ရက်နေ့သည် မြန်မာသက္ကရာဇ်အရ ကဆုန်လပြည့်နေ့ ဖြစ်သလို ကမ္ဘာစာနယ်ဇင်း လွတ်လပ်ခွင့်နေ့လည်း ဖြစ်သည်။ ၂၀၂၁ ခုနှစ် မြန်မာနိုင်ငံအတွင်း အာဏာသိမ်းခဲ့ပြီးသည့်နောက် သတင်းထောက် အယောက် ၁၅၀ ကျော် ဖမ်းဆီးထောင်ချခံထားရပြီး လေးဦး သတ်ဖြတ်ခံထားရကာ လိုင်စင်ပိတ်သိမ်းခံထားရသည့် သတင်းဌာန ၁၃ ခု ရှိလာပြီ ဖြစ်ကြောင်း အချက်အလက်များအရ သိရှိရသည်။ ကနဦး စုံစမ်းချက်အရ အင်းစိန်ထောင်မှ (၃၀၀) ဦး လွှတ်ပေးမည်ဖြစ်ကြောင်း သိရှိရသည်။







