ထားဝယ်မြို့၊ ပြည်သူ့ကာကွယ်ရေးအဖွဲ့မှ ဖွင့်လှစ်ထားသော ဥဩဆေးအဖွဲ့ (ထားဝယ်-ပကဖ) ၏ ဥဩဆေးခန်းတွင် အရှေ့တောဒေသအတွင်းရှိ ရပ်ရွာဒေသခံစစ်ဘေးရှောင်ပြည်သူများနှင့် ပြည်သူ့ကာကွယ်ရေးရဲဘော်ရဲဘက်များကို မေတ္တာ၊ စေတနာ အပြည့်အဝထားပြီး ဆေးဝါးကျန်းမာရေးကုသမှုများ ဆောင်ရွက်ပေးနေကြောင်း ဥဩဆေးအဖွဲ့တာဝန်ခံ အစောထံမှ သိရသည်။
ဥဩဆေးအဖွဲ့ (ထားဝယ်-ပကဖ) မှ ဥဩဆေးခန်းကို ၂၂ ရက်၊ နိုဝင်ဘာလ၊ ၂၀၂၂ ခုနှစ်တွင် စတင်ဖွဲ့စည်းထူထောင်ခဲ့ခြင်းဖြစ်ပြီး ဆေးခန်းစဖွင့်သည့်နေမှစ၍ အရေးပေါ်ဆေးကုသမှုများအပါအဝင် ဒဏ်ရာကြီး၊ ဒဏ်ရာငယ်၊ အတွင်းဒဏ်ရာ၊ အပြင်ဒဏ်ရာ၊ ခွဲစိတ်ဒဏ်ရာ အစရှိသဖြင့် ဆေးကုသမှုများကို ဆောင်ရွက်ပေးနေပြီး ခွဲစိတ်ခန်းပါ စီစဉ်ထားကြောင်း သိရှိရသည်။
အဆိုပါ ဥဩဆေးခန်းတွင် ဆရာဝန် ၂ ဦးနှင့် သူနာပြု ၅ ဦးရှိပြီး ဆေးတပ်သားရဲဘော် ၄၀ ဦးအထိ မွေးထုတ်ထားနိုင်ကြောင်းလည်း သိရှိရသည်။ ဆေးခန်းစဖွင့်ချိန်မှစ၍ လူနာ အယောက် ၃၀၀ ကျော်အား လိုအပ်သည့် ဆေးဝါးကုသမှုများ ပေးခဲ့ပြီးဖြစ်ကြောင်း တာဝန်ခံ အစော၏ ပြောကြားချက်အရ သိရသည်။
“ လူနာများ ကောင်းကောင်းမွန်မွန် စားဖို့သောက်ဖို့နဲ့ ဆေးတပ်သားအဖွဲ့ဝင်များ စားသောက်ဖို့ ရိက္ခာအခက်အခဲများရှိပါတယ်ခဗျ။ ကျနော်တို့ ဆေးအဖွဲ့မှာ ပုံသေ ဆေးဝါးဝယ်ယူရန် စရိတ်လိုမျိုးမရှိပဲ ထောက်ပို့အဖွဲ့စည်းများနဲ့ ကိုယ်ထူကိုယ်ထ အကူညီရသော အလှူရှင်များနှင့် ရပ်တည်နေရသောကြောင့် ဘက်ဂျက်ပိုင်းလည်းများစွာ အခက်ခဲများစွာရှိပါတယ်ဗျ။ ကျနော်တို့ MOH MOD တို့ဘက်ကိုလည်း ဆေးဝါးတင်တောင်းတာတွေတော့ ရှိပါတယ်ဗျ။ ယနေ့ချိန်ထိတော့ မရရှိသေးပါဘူးဗျာ့။ ကျနော်တို့ရဲ့တစ်လတစ်လ ဆေးဝါးဝယ်ယူစရိတ်ဟာ သိန်း ၃၀ နဲ့ ၅၀ ကြားအတွင်း အမြဲဝယ်ယူရန် လိုအပ်ပါတယ်ဗျ” ဟု တာဝန်ခံ အစောက ဆိုသည်။
ဥဩဆေးအဖွဲ့ (ထားဝယ်-ပကဖ) အနေဖြင့် ရပ်ရွာဒေသခံများအား ကျန်းမာရေးစောင့်ရှောက်မှုများပေးရန် ဥဩဆေးမှူးနှင့်အဖွဲ့ကို စေလွှတ်ခြင်းများအပြင် ဒေသခံစစ်ဘေးရှောင်ပြည်သူများနှင့် ပြည်သူ့ကာကွယ်ရေးရဲဘော်များ၏ ကျန်းမာရေးကိစ္စများတွင် ကူညီစောင့်ရှောက်ပေးခြင်း၊ အရေးပေါ် အခြေခံဆေးကုသမှုနှင့် ပတ်သက်သော သင်တန်းပို့ချပေးခြင်း၊ ကျန်းမာရေးအသိပညာပေးဟောပြောခြင်းနှင့် စစ်ဘေးအန္တာရာယ် ကာကွယ်ခြင်း ဟောပြောမှုများပါ ဆောင်ရွက်လျက်ရှိသည်ဟု စုံစမ်းသိရှိရသည်။


































