ပြည်ပရောက် မြန်မာနိုင်ငံသားများ၏ အကြိမ် ၁၀၀ မြောက် ဆန္ဒပြပွဲကို ဧပြီလ ၂၉ ရက်နေ့ စနေနေ့က အမေရိကန်ပြည်ထောင်စု မြောက်ပိုင်း ကယ်လီဖိုးနီးယားနိုင်ငံတွင် “မြန်မာပြည်လွတ်မြောက်ရေး လှုပ်ရှားမှုကော်မတီ ( မြောက်ပိုင်းကယ်လီဖိုးနီးယား) “ Free Burma Action Committee ( Northern California)က ဦးဆောင်ကျင်းပခဲ့ကြောင်း သိရှိရသည်။
အမေရိကန်ပြည်ထောင်စု မြောက်ပိုင်း ကယ်လီဖိုးနီးယားနိုင်ငံတွင် ရောက်ရှိနေသည့် မြန်မာနိုင်ငံသားများ ပါဝင်တောင်းဆိုနေသော စနေနေ့တိုင်း ကျင်းပသည့် စစ်အာဏာရှင် ဆန့်ကျင်ရေး ဆန္ဒပြပွဲသည် ယင်းနိုင်ငံ အခြေစိုက် Free Burma Action Committee (Northern California) က၂၀၂၁ ဖေဖော်ဝါရီလ ၂ ရက်နေ့မှစ၍အပတ်စဉ် စနေနေ့တိုင်း ဦးဆောင်ကျင်းပခဲ့ခြင်း ဖြစ်ပြီး ယခုလ ၂၀၂၃ ဧပြီလ ၂၉ ရက်နေ့ စနေနေ့တွင် အကြိမ် ၁၀၀ပြည့်ခဲ့ပြီ ဖြစ်ကြောင်းသိရသည်။
“ အာဏာသိမ်းပြီးနောက် အပတ်စဥ် လုပ်ဆောင်နေတာကတော့ မြန်မာပြည်မှာ အသက်ချွေးတွေနဲ့ သွေးတွေနဲ့ မိသားစုတွေနဲ့ စတေးပြီးတော့ နွေဦးတော်လှန်ရေးကို လုပ်ဆောင်နေသူတွေနဲ့ တသွေးတသားထဲ ရှိကြောင်း ပြသဖို့နဲ့ အထဲမှာ တောင်းဆို ဆန္ဒပြပွဲ လုပ်ဖို့ ခက်ခဲလာတာကြောင့် ကျမတို့က တောင်းဆိုပေးကြတာပါ” ဟု Free Burma Action Committee (Northern California) မှ အန်တီယု က ဆိုသည်။
၎င်း၏ ပြောကြားချက်အရ မြန်မာ့မြေပေါ်မှ စစ်အာဏာရှင် စနစ်အပြီးအပိုင် အဆုံးသတ်ရန် လွတ်လပ်ခြင်း ချစ်ကြည်ခြင်း ညီမျှခြင်း စသည့် ဒီမိုကရေစီ အခြေခံသဘောတရား နှင့် တိုင်းရင်းသားစည်းလုံးညီညွတ်ရေးအခြေခံ ဖယ်ဒရယ်စနစ် အမြန်ဆုံးအောင်အထည်ဖော်နိုင်ရန်နှင့် ပြည်တွင်းမှ အသက်သွေးချွေးတို့ ဖြင့် နွေဦးတော်လှန်းရေး ဆင်နွဲနေသူများ နှင့် တသွေးတည်း တသားတည်း ရှိကြောင်းပြသနိုင်ရန်၊တော်လှန်ရေး၏ ဦးဆောင်ကဏ္ဍမှ တာဝန်ယူနေသော အမျိုးသားညီညွတ်ရေး အစိုးရအား ထောက်ခံလျက်ရှိကြောင်းပြသရန်များနှင့်အတူ ဖိနှိပ်ညှင်းဆဲ သတ်ဖြတ်ရက်စက်မှုများကြား မှ ယနေ့တိုင် သပိတ်တိုက်ပွဲ ဆင်နွဲနေကြသော ပြည်တွင်း သပိတ်တိုက်ပွဲ ဝင်သူများကို အပြည့်အဝ အားပေးထောက်ခံ ကြောင်းပြသရန် ရည်ရွယ်သည်ဟု သိရှိရသည်။
အကြိမ် ၁၀၀ မြောက် ကျင်းပသည့် ( ရက်သတ္တပတ်ပေါင်း ၁၀၀) စစ်အာဏာရှင်ဆန့်ကျင်ရေး ဆန္ဒပြပွဲ နှင့် လမ်းလျှောက်ချီတက်လှည့်လည်ပွဲကို ဆန်ဖရန်စ္စကိုက မြို့တော် ခန်းမ ရှေ့တွင် ပြုလုပ်ကျင်းပခဲ့ပြီး ပြည်ပရောက် မြန်မာနွယ်ဖွားများ တိုင်းရင်းသားများနှင့် ပြည်သူ အဖွဲ့အစည်းအသီးသီးမှ တက်ကြွလှုပ်ရှားသူများ ပါဝင်ခဲ့ကြကြောင်း သိရသည်။













