မကွေးတိုင်း၊ အောင်လံမြို့နယ်၊ ဧက ၆၀ တွင် ဆရာတော်တစ်ပါးမှ မွေးမြူထိန်းသိမ်းထားသည့် တောရိုင်းတိရိစ္ဆာန်များ ဖြစ်သော အစာရေစာပြတ်လက်ကာ ကျန်းမာရေးချို့တဲ့နေပုံ ဖြစ်ပေါ်နေသည့် မျောက်၊ မြွေများ၊ ဒေါင်းများ၊ ယုန်၊ ကြက်ဆင်များနှင့် ဘဲငန်းများ၏ ဓာတ်ပုံများ လူမှုကွန်ယက်တွင် ပြန့်နှံ့နေပြီး ဝေဖန်မှုများ မြင့်တက်နေသည်။
“ လှောင်အိမ်ထဲက တိရိစ္ဆာန်ပုံတွေ ဆိုရှယ်မှာ တက်လာတာ တွေ့လိုက်တော့ စိတ်မကောင်းဖြစ်သွားတယ်။ မြွေတွေဆိုရင် တကိုယ်လုံးပိန်လိန်နေတာပဲ အရေပြားတွေလဲ ခြောက်သွေ့နေတာ မြင်မကောင်းဘူး၊ ဒေါင်းတွေရဲ့ ရေခွက်ဆို ဘယ်အချိန်ကတည်းက ရေမထည့်လဲ မသိဘူး။ မြေမှုန့်တွေနဲ့။ မွေးထားတာနဲ့ မတူပဲ ပိတ်လှောင်ထားတဲ့ အခြေအနေကြောင့် တိရိစ္ဆာန်တွေက မကျန်းမာနေတဲ့ ပုံမျိုးတွေ” ဟု လူမှုကွန်ယက်ဓာတ်ပုံတွေကို မြင်လိုက်ရသူတစ်ဦးက ပြောကြားသည်။
အောင်လံမြို့ရှိ အဆိုပါ ဧက ၆၀ ခန့်ရှိသည့် မြေနေရာကို ဒကာတစ်ဦးမှ မဟာသမယ ဆရာတော်အား သွားရောက် လှူဒါန်းထားခြင်း ဖြစ်ပြီး ၎င်းတိရိစ္ဆာန်များကို မွေးမြူထားရသည့် ရည်ရွယ်ချက်မှာ ဘုရားဖူး ခရီးသွားပြည်သူများ၏ ကလေးငယ်များ ကြည့်ရှု့နိုင်ရန် အတွက် မွေးမြူထိန်းသိမ်းထားခြင်း ဖြစ်သည်ဟု သိရှိရသည်။
ယင်းနေရာသို့ တိရိစ္ဆာန်ပြုစုစောင့်ရှောက်ပေးနေကြသည့် အဖွဲ့များ ဖြစ်သည့် Wildlife of Myanmar, Responsible and Animals Keeping အဖွဲ့နှင့် အခြားစေတနာရှင် လူမှုကူညီရေးအဖွဲ့မှ သွားရောက်ကြည့်ရှှု့ခဲ့ကြသည်။ မြွေများနှင့် တိရိစ္ဆာန်များကို အလှူခံခဲ့သော်လည်း ဆရာတော်မှ မပေးခဲ့သလို နောက်ထပ် တိရိစ္ဆာန်များကိုလည်း မမွေးမြူတော့ပါကြောင်း ကတိပေး ပြောကြားခဲ့သည်ဟု အဖွဲ့မှ တရားဝင် အသိပေးပြောကြားထားသည်။
တိရိစ္ဆာန်များကို ကူညီပေးရန် သွားခဲ့သည့် အဖွဲ့များမှ တိရိစ္ဆာန်လေးများ၏ အဆောက်အဦးများ ပြန်လည် ပြင်ဆင်ရန် ငွေကျပ် ငါးသိန်းကို လှူဒါန်းခဲ့ပြီး မြွေ အပါအဝင် အခြား တိရိစ္ဆာန်များ၏ သဘောသဘာဝနှင့် အစာစားပုံ၊ တိရိစ္ဆာန်ထိန်းသိမ်းရောတွင် လိုအပ်သည်များကို ပြုပြင်နိုင်မည့် အကြံဉာဏ်များကို ပံ့ပိုးကူညီပေးခဲ့ကြကြောင်း သိရသည်။
“ မြွေ ဘာလို့ မပါတာလဲဆိုတော့ မပေးလို့ပါ။ WOM Team ရဲ့ ရည်ရွယ်ချက်မှာ တိရိစ္ဆာန်ထိန်းသိမ်းရေးလည်း ပါဝင်တဲ့အတွက် မပေးမယ့်အတူတူ နေခဲ့ရတဲ့ တိရိစ္ဆာန်လေးတွေ ထပ်ဒုက္ခမရောက်စေချင်တော့တဲ့စိတ်နဲ့ အကောင်းဆုံး လုပ်နိုင်သလောက် လုပ်ပေးခဲ့ပြီး အကြံပြုချက်တွေ ပေးခဲ့ပါတယ်” ဟု အောင်လံ ဧက ၆၀ ခရီးစဉ် ခေါင်းစဉ်ဖြင့် WOM page တွင် ရေးသားပြောကြားထားသည်။
ဆရာတော်သည် တရားဟောဓမ္မကထိက ဆရာတော်တစ်ပါး ဖြစ်ပြီး လက်ရှိတွင် ကျောက်ကပ်ဝေဒနာ၊ ကင်ဆာဝေဒနာများကို ခံစားနေရကြောင်းလည်း သိရှိရသည်။