မနုမနောလူမျိုးစုတွေရဲ့ ရိုးရာဓလေ့တစ်ခုဖြစ်တဲ့ “ မနုမနော ရိုးရာ ဒေကွတ်ပွဲ” ကို စက်တင်ဘာလ ၂ ရက်နေ့နှင့် ၃ ရက်နေ့တို့တွင် ကရင်နီပြည်တစ်နေရာမှာ ကျင်းပပြုလုပ်ခဲ့တဲ့ မြင်ကွင်းတွေပဲဖြစ်ပါတယ်။
အဆိုပါရိုးရာပွဲကို စစ်ရှောင်များ၊ ဒေသခံများ နှင့် လူမျိုးစုအကြီးအကဲများက ပူးပေါင်းကျင်းပခဲ့တာဖြစ်ပါတယ်။
မနုမနေလူမျိုးစုတွေရဲ့သမိုင်းကြောင်းနဲ့ ဒီးကူပွဲဖြစ်ပေါ်လာပုံအကြောင်းရှင်းလင်းပြောကြားခြင်း၊ ရိုးရာဝတ်စုံပြိုင်ပွဲ၊ ရိုးရာအကပြိုင်ပွဲနဲ့ ဘော်လီဘောပြိုင်ပွဲတို့ပါဝင်ခဲ့ကြပါတယ်။
မနုမနောလူမျိုးစုတွေဟာ ကရင်နီပြည် ဘောလခဲဒေသတစ်ဝိုက်မှာ အခြေချနေထိုင်ကြတဲ့ လူမျိုးစုတစ်ခုဖြစ်ပါတယ်။
BC ၇၃၉ တွင် ယွန်းလူမျိုးများက ငွေတောင်ပြည်ကို ကျူးကျော်တိုက်ခိုက်ခဲ့ပါတယ်။ ဒေသခံလူမျိုးစုများက ကျူးကျော်လာသူ ယွန်းစစ်သည်များကို ပြန်လည်တိုက်ခိုက်ခဲ့စဥ် ဒီးကူ ခေါ် ကောက်ညှင်းထုပ်ကို ရိက္ခာအဖြစ်အသုံးပြုခဲ့ကြပါတယ်။
ယွန်းတို့က ကောက်ညှင်းကို ကြာရှည်ခံနိုင်အောင် ခေါပုပ်သဖွယ်ပြုပြီး ခမောက်အောက်တွင် ဆောင်းထားကြရာ စစ်မြေပြင်မှာ နေ့ရောညပါစစ်တိုက်ရာတွင်ရိက္ခာပြသနာမပေါ်ခဲ့ကြပေ။
အဲဒီအချက်ကိုယူ၍ ကရင်နီတို့လည်း ဒီးကူခေါ် ကိုင်းပင်တစ်မျိုးနဲ့ ကောက်ညှင်းဆန်ကို ထုပ်ပြီး ဒီးကူကောက်ညှင်းထုပ်ပြု လုပ်ခဲ့ကြရာ ခုနှစ်ရက်အထိ အထားခံခဲ့ပြီး စစ်ပွဲအောင်နိုင်ခဲ့ပါတယ်။
ယွန်းလူမျိုးတွေကို တိုက်ထုတ်နိုင်ခဲ့တဲ့စက်တင်ဘာနဲ့ အောက်တိုဘာလတွေထဲမှာ ကျွန်ဘဝကနေ လွတ်မြောက်တဲ့ အထိမ်းအမှတ် အနေနဲ့ ဒီးကူပွဲခေါ် ကောက်ညှင်းထုပ်ပွဲကို နှစ်စဉ် ကျေးရွာတိုင်းက ကြက်ရိုးထိုးပြီး ပွဲကျင်းပဖို့ရက်တွေ သတ်မှတ်ကျင်းပလာခဲ့ကြပါတယ်။