မြန်မာနိုင်ငံ ဆီကုန်သည်နှင့် ဆီလုပ်ငန်းရှင်များအသင်းမှ ကားအစီး၇၀ဖြင့် ရန်ကုန်မြို့ရှိ ဆင်ခြေဖုံးရပ်ကွက်များသို့ စားအုန်းဆီတစ်ပိဿာလျှင် ၅,၀၀၀ ကျပ်နှုန်းဖြင့် ရောင်းချပေးနေကြောင်း ဒေသခံပြည်သူများကဆိုသည်။ နေ့စဉ်ရောင်းချပေးနေပြီး ပြည်သူတစ်ဦးလျှင် စားအုန်းဆီတစ်ပိဿာ ၅,၀၀၀ကျပ်နှုန်းဖြင့် တန်းစီပြီး ၀ယ်ယူရကြောင်း သိရသည်။
မြန်မာနိုင်ငံ၌ စားအုန်းဆီ မလုံလောက်မှုကြောင့် ဈေးကွက်အတွင်း ဈေးနှုန်းမှာ တစ်ပိဿာလျှင် တစ်သောင်းကျော်အ ထိ စံချိန်တင်မြင့်တက်လာခဲ့သလို လက်လီရောင်းချမည့်သူများသည်လည်း ခွဲတမ်းမရရှိသဖြင့် ရောင်းချနိုင်ခြင်းမရှိတော့ကြောင်း စားသုံးဆီ လက်လီအရောင်းဆိုင်ပိုင်ရှင်တစ်ဦးက ဆိုသည်။





















မြန်မာနိုင်ငံဆီကုန်သည်နှင့် ဆီလုပ်ငန်းရှင်အသင်း၏ ဆီအရောင်းကားများဖြင့် လက်လီရောင်းချပေးရာတွင် သြဂုတ် ၂၂ ရက် နံနက်မှစတင်၍ တစ်ပိဿာလျှင် ၅,၀၀၀ ကျပ်အဖြစ် စတင်တိုးမြှင့်ရောင်းချကြောင်း သိရသည်။
လက်ရှိ စားသုံးဆီဈေးကွက်တွင် ဆီရောတစ်ပိဿာကို တစ်သောင်းနှစ်ထောင်ကျပ် ၊ စားအုန်းဆီ တစ်ပိဿာကို တစ်သောင်းတစ်ထောင်ကျပ်ဖြင့် ရောင်းချနေပြီး စားသုံးဆီတင်သွင်း သိုလှောင်ဖြန့်ဖြူးခြင်းလုပ်ငန်း ကြီးကြပ်ရေးကော်မတီမှ ညွှန်ကြားသည့် စားအုန်းဆီစျေးနှုန်းဖြင့် ရောင်းချပေးနေသည့် ဆိုင်အနည်းငယ်သာရှိပြီး အကြမ်းဖက်စစ်ကောင်စီတပ်မှ ယင်းဆီဈေးနှုန်းအပေါ် ထိန်းချုပ်နိုင်ခြင်းမရှိသေးပေ။