Photo – Kaung Zaw Hein/MPA
ဆိုသယ်စစ်ဘေးရှောင်စခန်းသည် အကြမ်းဖက်စစ်ကောင်စီ၏ ကျေးရွာများကို စစ်ကြောင်းထိုးဖျက်ဆီးမှုကြောင့် နေရပ်မပြန်ရဲကြတော့သည့် စစ်ဘေးရှောင်ပြည်သူများ နေထိုင်ရာ ကရင်နီပြည်နယ်အတွင်းရှိ စခန်းတစ်ခုဖြစ်သည်။
ယင်းဆိုသယ် စစ်ဘေးရှောင်စခန်းတွင် ဖရူဆိုမြို့နယ်အတွင်းရှိ ဒေါတထော၊ခိုးရားခူ၊ထားလဲ၊ပရက်တော်၊ တနောကလော၊ဒေါကလော်လဲ၊ဒေါသဲ နှင့် ဒေါဆီးခူအစရှိသည့် ရွာ (၈)ရွာမှ လူဦးရေ (၁၆၆၁)ဦး စုပေါင်းနေထိုင်နေကြသည်။
စခန်းတွင် (၅) နှစ်အောက် ကလေးသူငယ် (၁၆၂) ဦး နှင့် အသက်(၆၀) အထက် သက်ကြီးဘိုးဘွား (၁၈၇)ဦးရှိပြီး အဘိုးအဘွားအချို့မှာ မျက်စိကွယ် နားမကြားသည့် ကျန်းမာရေးဆိုင်ရာ လိုအပ်ချက်များကိုပါ နှစ်ပေါင်းများစွာ ခံစားကြုံတွေ့နေရသူများဖြစ်သည်။
အချို့သည် ဂျပန်ခေတ်တွင် စစ်ရှောင်ရင်း မွေးဖွားသူများ၊ ဂျပန်ခေတ်အတွင်း စစ်ရှောင်ခဲ့ရသူများပါ ပါဝင်နေပြီး လက်ရှိ အိုမင်းလာသည့် အရွယ်သို့ ရောက်သည့်တိုင် မငြိမ်းချမ်းနိုင်ဘဲ စစ်ဘေးကို ထပ်မံကြုံတွေ့ရပြန်သည်။
အများစုမှာ ပြန်စရာနေအိမ်များ မရှိကြတော့ဘဲ ဇာတိကျေးရွာများရှိ နေအိမ်များတွင် အကြမ်းဖက်စစ်ကောင်စီတပ်၏ မီးရှို့ဖျက်ဆီးခြင်းကို ကြုံတွေ့ခဲ့ရသူများဖြစ်သည်။
နေအိမ်များကို စွန့်ခွာ၊ မွေးမြူထားသည့် တိရိစ္ဆာန်များကို စွန့်ပယ်ပြီး အသက်ဘေးအန္တရာယ်ကင်းရှင်းသည်ဟု ယူဆကြသည့် တောတောင်များအတွင်း စစ်ဘေးတိမ်းရှောင်ကာ အသက်ရှင်သန်ရေးအတွက် ရုန်းကန်နေကြရသူများဖြစ်သည်။
“ မိုးရေခံပြီးတော့ သောက်သုံးရေ အဖြစ်သုံးရတယ်။ ဒါပေမယ့် မလုံလောက်ဘူး။ လမ်းပန်းဆက်သွယ်ရေး အခက်အခဲတွေလည်း အများကြီး ရှိတယ်။ဆေးဝါးမလုံလောက်တာကြောင့် အသက်ဆုံးရှုံးသွားရတဲ့သူတွေလည်းရှိတယ်။ ဆက်သွယ်ရေးကလည်း အဆင်မပြေတာကြောင့် စကားပြောစက်တွေလည်းလိုအပ်နေတယ်။ တချို့အိမ်တွေဆို မိုးကာတွေကလည်း ဆွေးနေတယ်။ သူတို့ကလာတောင်း ကိုယ်တွေကမပေးနိုင်တာတွေလည်း ရှိတယ်”ဟု စခန်းကော်မတီ၏ တာဝန်ရှိသူ ဦးပိုးရယ်က ပြောသည်။
ဆေးဝါးမလုံလောက်မှု ရာသီဥတုခက်ခဲကြမ်းတမ်းမှု အမိုးအကာ မပြည့်စုံမှု အဟာရစားနပ်ရိက္ခာ မလုံလောက်မှုများကြောင့် စခန်းရှိ စစ်ဘေးရှောင်ပြည်သူ ၄ဦး အသက်ဆုံးခဲ့ရသည့် မှတ်တမ်းတစ်ခုလည်း ဆိုသယ်စစ်ဘေးရှောင်စခန်းတွင် ရှိခဲ့သည်။
အခက်အခဲများကြားတွင် အရွယ်ရောက်သူတိုင်း ပညာသင်ကြားခွင့်ဆိုသည့် အခွင့်အရေးအတိုင်း ကလေးငယ်များ ပညာသင်ကြားခွင့် မဆုံးရှုံးစေရန် စခန်းတာဝန်ရှိသူများက မူလတန်းအရွယ်ကလေးငယ်များကို စခန်းတွင်းရှိသည့် နေရာလွတ်ဟုဆိုနိုင်သည့် နေရာတစ်ခုတွင် ကျောင်းဟု ခေါ်တွင်ရန်ပင် မထိုက်သည့် အဆောက်အဦးတစ်ခုတွင် ပညာသင်ကြားပေးနေသေးသည်။
ထောက်ပံ့မှုအသီးသီးလိုအပ်သည့် စစ်ဘေးရှောင်စခန်းတစ်ခုဖြစ်သည့် အားလျော်စွာ စစ်ဘေးရှောင်စခန်းအတွင်း ရိက္ခာပြတ်တောက်မှု မရှိစေရေးအတွက် စခန်းအနီးတွင် တောင်ယာစိုက်ပျိုးမှုကိုလည်း စစ်ဘေးရှောင်ပြည်သူများမှ တတ်စွမ်းသမျှ စိုက်ပျိုးလုပ်ကိုင်နေကြသည်။
သို့သော် နေရပ်စွန့်ခွာ ထွက်ပြေးလာရသူများမို့ ခိုင်းကျွဲနွားမရှိ သွင်းအားစု စက်ကိရိယာ မရှိသည့် ဘဝအခြေအနေများကြောင့် လူ့ခန္ဓာလုပ်အားကို အသုံးပြုကာ ထွန်ယက်စိုက်ပျိုးကြရသည်။
လာမည့်ဆောင်းရာသီသည် မိုးရေကိုသာ အားထားနေရသည့် စစ်ဘေးရှောင်စခန်းအား သောက်သုံးရေရှားပါးမှုကိုပါ ဖြစ်ပေါ်လာစေနိုင်မည်ကို စခန်းတာဝန်ရှိသူများက ခန့်မှန်းထားကြသည်။
ဆိုသယ်စစ်ဘေးရှောင်စခန်းရှိ ပြည်သူများအတွက် သောက်သုံးရေ၊ ဆက်သွယ်ရေးစက်များနှင့် လိုအပ်သည့် ရိက္ခာဆေးဝါးများကို လှူဒါန်းပေးစေလိုကြောင်း စစ်ဘေးရှောင်စခန်း ကော်မတီ၏ တာဝန်ရှိသူ ဦးပိုးရယ်က အလှူရှင်များကို ပန်ကြားသည်။
ကရင်နီပြည်အတွင်း အကြမ်းဖက်စစ်ကောင်စီမှ စစ်ကြောင်းများ ဆက်လက်ထိုးစစ်ဆင်နေခြင်းကြောင့် စစ်ဘေးရှောင်ပြည်သူများ၏ နေရပ်ပြန်လည်ရေး မျှော်လင့်ချက်မှာ ဝေးနေဦးမည်ဖြစ်သည်။