28 July 2022 By Myo Satt Hla Thaw / MPA
ဆေးရုံဆေးခန်းများပါမကျန် စစ်ကောင်စီ၏ လက်နက်ကြီးနှင့် လေယာဉ်ဗုံးကြဲသည့်ဒဏ်ခံနေရသည့် ကရင်နီတွင် ထိုအခက်အခဲကို ဖြေရှင်းနိုင်ရန် မြေပြင်ကျန်းမာရေးအဖွဲ့၏ ဦးဆောင်မှုဖြင့် ရွေ့လျားခွဲစိတ်ခန်းတစ်ခု ဖန်တီးခဲ့ကြသည်။
ကရင်နီတွင် ကျန်းမာရေးစောင့်ရှောက်မှုပေးနေသည့် ကျန်းမာခြင်းအလင်းတန်းဆေးအဖွဲ့ (Ray Medical Movement) က ဆေးပစ္စည်းကိရိယာအစုံအလင်ဖြင့် Rx 622 အမည်ရှိ မော်တော်ယာဉ် ရွေ့လျားခွဲစိတ်ခန်းငယ်ကို တည်ဆောက်ခဲ့ကြခြင်းဖြစ်သည်။
အင်္ဂလိပ်စာလုံး Treatment ကို ဆေးပညာရပ်တွင် Rx ဟု အတိုကောက်သုံးနှုန်းပြီး ၂၀၂၂ ခုနှစ် ဇွန်လတွင် ပြုလုပ်ပြီးစီးခဲ့သည့်အတွက် Rx 622 ဟု အမည်ပေးရခြင်းဖြစ်ကြောင်း ဆေးခန်းဦးဆောင်သူ ဒေါက်တာရေးက ရှင်းပြသည်။
အဆိုပါ ခွဲစိတ်ခန်းသည် အရေးပေါ်အသက်ကယ် ခွဲစိတ်မှုများ ပြုလုပ်ရန် ရည်ရွယ်ထားပြီး ကရင်နီပြည်အနှံ့ စစ်ရှောင်ပြည်သူများနှင့် တော်လှန်ရေးရဲဘော်များကို အသက်ကယ်နိုင်မည်ဖြစ်ကြောင်း ဒေါက်တာရေးက ဆိုသည်။
ရွေ့လျားခွဲစိတ်ခန်း ဖြစ်မြောက်လာရန် ငွေကျပ် သိန်း ၃၀၀ ခန့် ကုန်ကျခဲ့ပြီး ပုံမှန်လည်ပတ်နိုင်ရန် စက်သုံးဆီနှင့် ဆေးပစ္စည်းအတွက် လစဉ် ခန့်မှန်း ငွေကျပ် သိန်း ၄၀ ခန့် ကုန်ကျမည်ဟု ၎င်းကပြောသည်။
Ray Medical Movement အဖွဲ့သည် အများပြည်သူကြား နာမည်သိပ်မကြီးသည့် ဆေးအဖွဲ့ငယ်ဖြစ်သည့်အတွက် အလှူငွေ တိုက်ရိုက်ရောက်ရှိမှုနည်းပါးနေပြီး ရွေ့လျားခွဲစိတ်ခန်းပုံမှန်လည်ပတ်နိုင်ရန် အကူအညီ လိုအပ်နေကြောင်း ၎င်းကဆိုသည်။