Photo – Kaung Saw Hein / MPA
စစ်ဘေးဒဏ်ခံနေရသည့် ဒေသတစ်ခုဖြစ်သော ကရင်နီပြည်နယ်တွင် ပညာရေးအခွင့်အလမ်းများပေးနေသည့် ဆယ်ကျော်သက်လူရွယ်များဆုံရပ် ( Adolescence Engagement Program) အပတ်စဉ် (၂)ဖွင့်ပွဲ အခမ်းအနားကို ယနေ့ ဇူလိုင်လ (၃)ရက်နေ့ နံနက်ပိုင်းက ကရင်နီပြည်နယ်တစ်နေရာတွင် ကျင်းပပြုလုပ်ခဲ့ပါသည်။
အဆိုပါ ဖွင့်ပွဲအခမ်းအနားကို ကရင်နီပြည် အတိုင်ပင်ခံကောင်စီ (KSCC)၊ ကရင်နီ အမျိုးသားကာကွယ်ရေးတပ် (KNDF)မှ တာဝန်ရှိသူများနှင့် အခြား မိတ်ဖက်အဖွဲ့အစည်းများ တက်ရောက်ခဲ့ပါသည်။
အဆိုပါ Program တွင် အဂ်လိပ်စာ၊ ကရင်နီ (ကယားစာပေ)၊ ကရင်နီ သမိုင်းတို့ကို အဓိကထား သင်ကြားပြီး ဖြည့်စွက်ဘာသာရပ်အဖြစ် ဂီတ၊ leadership၊ Social Science ၊ Religion culture Gender equality အစရှိသည်တို့ သင်ကြားပေးနေသည်ဟု အဆိုပါကျောင်း၏ Program director မသက်မြာက ပြောပါသည်။
၎င်း program မှာ (၄)လတာ သင်ကြားရမည်ဖြစ်ပြီး သင်တန်းကာလတစ်ခုတွင် ကျောင်းသား ကျောင်းသူ (၅၀)ဦးကို လေ့ကျင်သင်ကြားပေးလျက်ရှိသည်။
ယခင်အပတ်စဉ်တွင် စစ်ရှောင်ကလေးအများစုသာ လာရောက်သင်ကြားခြင်းဖြစ်ပြီး ယခုအပတ်စဉ်တွင် စစ်ရှောင်ကလေးများသာမက အခြားဒေသများမှ ကလေးများပါ လာရောက်သင်ကြားလျှက်ရှိသည်ဟု အဆိုပါကျောင်း၏ Program director မသက်မြာက ဆက်ပြောသည်။
အဆိုပါ သင်တန်းကျောင်းကို တက်ရောက်ပြီးသည့်အတွက် လူအများနှင့် ဆက်ဆံပြောဆိုတတ်ခြင်း၊ ခေါင်းဆောင်မှုအရည်အသွေးများ မြင့်တက်လာခြင်း စသည့် အကျိုးကျေးဇူးများ ရရှိလာသည်ဟု အဆိုပါကျောင်း၏ အပတ်စဉ် (၁) ကျောင်းသူ တစ်ဦးက ပြောသည်။
ဆက်လက်ပြီး အဆိုပါကျောင်း၏ Program director မသက်မြာက ” အခြား အနယ်နယ်၊ အရပ်ရပ်က လူငယ်များအနေနဲ့ ဒီတော်လှန်ရေးကာလမှာ ဘယ်လောက်ပဲ အခက်အခဲဖြစ်နေပါစေ။ ပညာရေးနဲ့ပတ်သတ်တဲ့ဟာတွေ၊ ဥပမာ online နဲ့ ပတ်သတ်တာပဲဖြစ်ဖြစ်၊ သူတို့နဲ့ ပတ်သတ်တာတွေတက်ဖို့ ကျွန်မအနေနဲ့ တွန်းအားပေးချင်ပါတယ်။ နောက်ပြီးတော့ ကျွန်မတို့ရဲ့ Program ကို ဒီထက်မက ဆက်လက်ဖွင့်လှစ်နိုင်ဖို့ အဖက်ဖက်က ကူညီပေးကြပါလို့ ပြည်သူလူထုကို ပြောချင်ပါတယ် ” ဟုပြောကြားခဲ့သည်။