ကရင်နီပြည်နယ်အတွင်းရှိ စစ်ဘေးရှောင်ပြည်သူများကို ရွေ့လျားစနစ်(Mobile) ဖြင့် ကျန်းမာရေးစောင့်ရှောက်မှုပေးနေသည့် ရွေ့လျားဆေးအဖွဲ့ ၏ မြင်ကွင်းဓာတ်ပုံများဖြစ်သည်။
Loyalty ဟုအမည်ပေးထားသည့် အဆိုပါဆေးအဖွဲ့ကို ပြီးခဲ့သည့် ၂၀၂၁ ခုနှစ်၊ အောက်တိုဘာလတွင် ဖွဲ့စည်းခဲ့ခြင်းဖြစ်သည်။ စစ်အာဏာရှင်စနစ်ဆန့်ကျင်သည့် CDM လူငယ်ဆရာဝန်များနှင့် ကျန်းမာရေးဝန်ထမ်းများ ပါဝင်ဖွဲ့စည်းထားသည်။
ကရင်နီပြည်နယ်အတွင်းရှိ စစ်ဘေးရှောင်ပြည်သူများ၏ အခြေခံကျန်းမာရေးစောင့်ရှောက်မှုနှင့် အခြားသော လိုအပ်ချက်များကို ဖြည့်ဆည်းပေးနိုင်ရန် ရည်ရွယ်သည်ဟု Loyalty ဆေးအဖွဲ့ ဦးဆောင်သူတစ်ဦးက ပြောသည်။
” တိုက်ပွဲအခြေအနေတွေကြောင့် ပိတ်ထားရတဲ့ဆေးရုံတွေရှိတယ်။ ဆေးရုံဆေးခန်းမသွားနိုင်ကြတဲ့ အခြေအနေမှာ ကျနော်တို့က သူတို့ရဲ့အခြေခံကျန်းမာရေး နှာစေး၊ ချောင်းဆိုးကအစ နာတာရှည်ရောဂါတွေကို ရှေ့တန်းကနေ စစ်ဆေးကြည့်ရှု့ပေးတဲ့သဘောပါပဲ ” ဟု ၎င်းက ပြောသည်။
အလားတူ စစ်ကောင်စီ၏ ပြည်သူအပေါ် ကျန်းမာရေးစောင့်ရှောက်မှုနှင့် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီများအပေါ် အယုံအကြည်မရှိသည့်အတွက် စစ်ရှောင်များ၏ ကျန်းမာရေးစောင့်ရှောက်မှုကို ကိုယ်ထူကိုယ်ထ ဖြေရှင်းပေးနေခြင်းဖြစ်သည်ဟု သူကဆိုသည်။
စစ်ရှောင်စခန်းများတွင် Loyalty ရွေ့လျားဆေးအဖွဲ့က တစ်ပါတ်လျှင် ၅ ရက် အခြေခံကျန်းမာရေး စောင့်ရှောက်မှုပေးနေပြီး စစ်ရှောင်စခန်းပေါင်း ၃၀ကျော်ခန့်ကို ကျန်းမာရေးစောင့်ရှောက်မှုပေးထားနိုင်ပြီဖြစ်သည်။
” လေယာဥ်တွေ လက်နက်ကြီးတွေပစ်နေလဲ ကျနော်တို့သွားတယ်။ ကျနော်တို့ ပျက်ကွက်တဲ့ရက်မရှိသေးဘူး ” ဟု သူက ဆိုသည်။
စစ်ဘေးရှောင်ပြည်သူများအနေဖြင့် ယခင်က ကိုယ်ထူကိုယ်ထစနစ်ဖြင့် ကျန်းမာရေးကိစ္စရပ်များကို ဖြေရှင်းခဲ့ရသော်လည်း ယခုအခါ Loyalty ရွေ့လျားဆေးအဖွဲ့အကူအညီဖြင့် အခြေခံကျန်းမာရေးစောင့်ရှောက်မှုကို ဖြေရှင်းနေနိုင်ပြီဖြစ်သည်ဟု အသက် ၃၅ နှစ်အရွယ် စစ်ရှောင်တစ်ဦးဖြစ်သူ ရှားရယ် ကပြောသည်။
” အရင်ကတော့ ကျန်းမာရေးအတွက် ရွာထဲက နည်းနည်းပါးပါးသိတဲ့သူတွေကိုပဲအကူအညီတောင်းခံရတယ်။ အရင်ကနဲ့စာရင် အခုလာကုပေးနေတဲ့အဖွဲ့ရှိတော့ အဝေးသွားစရာလဲမလိုဘူး။ လူနာလည်း စိတ်ချမ်းသာတာပေါ့ ” ဟု ၎င်းကဆိုသည်။
စစ်ရှောင်စခန်းများတွင်အများအားဖြင့် ရာသီဥတုအလိုက်ဖြစ်နေသည့် ရောဂါများ၊ နာတာရှည်ရောဂါများကို ကုသပေးနေရပြီး ကလေးငယ်များနှင့် သက်ကြီးရွယ်အိုများကို အများဆုံးကုသပေးနေရသည်ဟု ဆေးအဖွဲ့ဦးဆောင်သူက ပြောသည်။
သို့သော် ဆေးလိုက်လံကုသရာတွင် စစ်ရှောင်စခန်းများကို သွားရောက်ကုသပေးနေရသည့်အတွက် သွားလာရခက်ခဲခြင်းနှင့် ဆေးဝါးလုံလောက်မှုမရှိခြင်းကဲ့သို့သော ပြဿနာများနှင့် ရင်ဆိုင်နေရသည်။
စစ်ရှောင်အများစုသည် စစ်ရှောင်စခန်းများကို တောတောင်ထဲတွင်သာ ဆောက်လုပ်နေထိုင်ကြသည့်အတွက် ၎င်းတို့ဆီသွားရောက်နိုင်ရန် အခက်အခဲများစွာရှိသည်ဟု ၎င်းကဆက်ပြောသည်။
” ကျနော်တို့ သူတို့ဆီသွားရတာ လမ်းကြမ်းတွေဖြတ်ရတယ်။ မိုးရာသီရောက်တော့ အရင်ကကြမ်းနေတဲ့လမ်းတွေက ပိုကြမ်းသွားတယ်။ ကျနော်တို့ ခု ကားတောင်မရှိဘူး။ ငှားသွားနေရတယ်။ ဆီစျေးကလဲအရမ်းကြီးတယ်။”
ထို့အပြင် ဆေးဝါးမပြတ်ပေးနေရသည့် သွေးတိုး၊ ဆီးချိုကဲ့သို့သော နာတာရှည်ရောဂါများနှင့် သွားရောက်ကုသပေးနေရသည့် စစ်ရှောင်စခန်း များပြားလာခြင်းကြောင့် ဆေးဝါးလိုအပ်ချက်များစွာ ရှိနေသည်ဟု သိရသည်။
ပြည်သူများ၏ လှူဒါန်းမှုဖြင့် ရွေ့လျားဆေးအဖွဲ့အနေဖြင့် စစ်ရှောင်ပြည်သူများကို ကျန်းမာရေးစောင့်ရှောက်မှု လိုက်လံပေးဝေနေသော်လည်း ဆေးဝါးဖြည့်တင်းနိုင်ရေးနှင့် ပုံမှန်ကျန်းမာရေးစောင့်ရှောက်မှုများပေးနိုင်ရန် အကူအညီအထောက်အပံ့များစွာ လိုအပ်နေသေးသည်။
Loyalty Mobile Team အနေနှင့် စစ်ရှောင်များနှင့် ဒေသခံပြည်သူများကို ကျန်းမာရေးစောင့်ရှောက်မှုပေးနေသည်မှာ ၉ လကျော်ကြာမြင့်နေပြီဖြစ်ပြီး စစ်ရှောင်နှင့် ဒေသခံစုစုပေါင်း သုံးသောင်းကျော်ကို ကျန်းမာရေးစောင့်ရှောက်မှု ပေးထားနိုင်ပြီဖြစ်သည်။
ကရင်နီတစ်ပြည်နယ်လုံးအတိုင်းအတာအနေဖြင့် စစ်ရှောင်နှင့် ဒေသခံပြည်သူများကို ကျန်းမာရေးစောင့်ရှောက်မှုပေးနိုင်ရန်အတွက် ရည်ရွယ်ထားပြီး ကျောင်းကျန်းမာရေး နှင့် ကာကွယ်ဆေးထိုးနှံပေးခြင်းကဲ့သို့သော ပြည်သူ့ကျန်းမာရေးစောင့်ရှောက်မှု များကိုပါ ဆောင်ရွက်နိုင်ရေး ရည်ရွယ်ထားသည်ဟု သိရသည်။