စစ်ကိုင်းတိုင်း၊ဒီပဲယင်းမြို့နယ်အနောက်ခြမ်းတွင် အကြမ်းဖက်စစ်တပ်မှစခန်းချထားသောနေရာတစ်ခုကို ဒေသခံကာကွယ်ရေးအဖွဲ့များနိုဝင်ဘလ၂၉ရက်နေ့နံနက်ပိုင်းတွင် မိုင်းဆင်ပြီး ပြောက်ကျားတိုက်ခိုက်ခဲ့ကြောင်း သိရသည်။
ပြောက်ကျားတိုက်ခိုက်ရာတွင် အကြမ်းဖက်စစ်တပ်၏ ယာယီစခန်းချရာတစ်ဝိုက်ကို မိုင်းများပတ်လည်ထောင်၍ တိုက်ခိုက်ခဲ့ခြင်းဖြစ်သော်လည်း ဆက်သွယ်ရေးလိုင်းများအခက်အခဲရှိသဖြင့်ထိခိုက်သည်အထိ တိုက်ခိုက်နိုင်ခဲ့ခြင်းမရှိကြောင်း ဒေသခံကာကွယ်ရေးအဖွဲ့များထံမှ သိရသည်။
“ညကသူတို့စတည်းချတဲ့တောကုန်းထက်က တဲကိုကျနော် တို့ဝိုင်းပြီးမိုင်းစင်တယ်။ မနက်အထမှာ မိုင်းဆွဲတိုက်ခိုက်တယ်။ ဒါပေမယ့် ကျနော်တို့မိုင်းတွေက ဖုန်းချို့ယွင်းခဲ့တဲ့ အတွက် အဆင်မပြေခဲ့ဘူး”ဟု ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင် တစ်ဦးကပြောသည်။
ထို့သို့မိုင်းဆွဲတိုက်ခိုက်ခံရပြီးနောက် အကြမ်းဖက်စစ်တပ်က လက်နက်ကြီးဖြင့်ပစ်ခတ်ခဲ့ပြီး လမ်းကြောင်းတလျှောက်တွင် လက်နက်ကြီး၊ လက်နက် ငယ်များဖြင့် ပစ်ခတ်ခဲ့ကြောင်း သိရသည်။
ထို့အပြင် ၎င်းတို့သွားလာရာလမ်းတလျောက်ရှိ တောတဲကုန်းများကိုမီးရှို့ခဲ့ပြီး တဲ၇လုံးခန့်မီးရှို့ဖျက်ဆီးခံခဲ့ရကာ သိန်း ၁၀၀ နီးပါးဆုံးရှုံးခဲ့ရကြောင်း သိရသည်။
အကြမ်းဖက်စစ်တပ်သည် ယနေ့ နံနက်ပိုင်းတွင် စစ်တပ်အခြေချရာ ညောင်လှကျေးရွာမှ လည်းကောင်း၊ဒီပဲယင်းမြို့နယ်အနောက်ဘက်ရေဦးမြို့နယ်ဘက်မှလည်းကောင်း၊ နှောနယ်မြေ(ခ)ဘုတလင်နယ်စပ်ဘက်မှလည်းကောင်းကျေးရွာများအတွင်းသို့ စစ်ကြောင်းများဝင်ရောက်နေကြောင်း ဒေသခံများထံမှ သိရသည်။
အကြမ်းဖက်စစ်တပ်၏ စစ်ကြောင်းများသည် စစ်ကြောင်းထွက်ရာတွင် ကျေးရွာများထဲသို့ ဝင်ရောက်ခြင်း၊ နေအိမ်များကို မီးရှို့ဖျက်ဆီးခြင်း၊ ပြည်သူ့ကာကွယ်ရေးအဖွဲ့များရှိနိုင်သော နေရာများကိုလက်နက်ကြီးဖြင့် ပစ်ခတ်ခြင်းများပြုလုပ်လျက်ရှိနေသည်။
“ ရွာဘက်တွေစစ်ကြောင်းထိုးတော့ ရွာတွေမှာမနေရဲတဲ့အတွက် လူတွေကရှိသမျှစားသောက်ကုန်တွေတို့ အဝတ်အစား ဘာညာတွေကအစ တောတဲတွေထဲမှာ မိသားစုလိုက်တွေ ရင်းနှီးတဲ့မိသားစုဝင်တွေနဲ့ စုပေါင်းပြီးတော့ ဖွက်ထားတာမျိုးတွေရှိတယ်။” ဟု၎င်းကဆိုသည်။
ယမန်နေ့များကလည်း ဒီပဲယင်းအရှေ့ဘက်ခြမ်းတွင် အကြမ်းဖက်စစ်တပ်နှင့် ဒေသခံကာကွယ်ရေးတပ်များအကြား တိုက်ပွဲ၁၀မိနစ်ကြာ ဖြစ်ပွားခဲ့ပြီး အကြမ်းဖက်စစ်တပ်မှ ၁၀ဦးထက် မနည်းသေဆုံးခဲ့ကြောင်း ဒေသခံကာကွယ်ရေးသမား၏ ပြောပြချက်အရသိရှိရသည်။
စစ်ကိုင်းတိုင်း၊ ဒီပဲယင်းမြို့နယ်တွင် အကြမ်းဖက်စစ်တပ်နှင့် ဒေသခံကာကွယ်တပ်များအကြား စစ်ရေးအခြေအနေများ တင်းမာလျက်ရှိနေပြီးစစ်တပ်အနေဖြင့် နိုဝင်ဘာ၂၈ရက်နေ့ညနေပိုင်းတွင်လေကြောင်း တိုက်ခိုက်မှုများပြုလုပ်ခဲ့ခြင်းကြောင့် ပြည်သူ၅ဦးထက်မနည်းသေဆုံးခဲ့ပြီး ဒေသခံများအနေဖြင့်ထွက်ပြေး တိမ်းရှောင်နေကြရသည်။