အကြမ်းဖက်စစ်တပ် ရုံးစိုက်ရာ နေပြည်တော် ပျဉ်းမနားမြို့နယ်တွင် စစ်တပ် ရိက္ခာပို့ရထားကို နိုဝင်ဘာလ ၂၀ ရက် မနက်ပိုင်းက တော်လှန်ရေး အဖွဲ့တစ်ဖွဲ့က သတိပေးသည့်အနေဖြင့် ဗုံးခွဲတိုက်ခိုက်ခဲ့ကြောင်း သိရသည်။
စစ်တပ်ရိက္ခာပို့ ရထားတစ်စီးကို နိုဝင်ဘာ ၂၀ရက် မနက် ၆နာရီကျော်တွင် နေပြည်တော်ပျဥ်းမနားမြို့နယ် ပန်းခင်းရပ်ကွက် (၆) လမ်းအနီး ရထားသံလမ်းအရောက်တွင် Pyinmana Revolutionary Army (PRA) က အသင့်စောင့်၍ မိုင်းဖောက်ခွဲခဲ့ခြင်းဖြစ်သည်။
“ အပေါ်မှာ အကြမ်းဖက်စစ်ကောင်စီက စစ်သားခုနှစ်ယောက်ရယ်၊ စက်ဗိုလ်နှစ်ယောက်ရယ်ပါတယ်။ စစ်တပ်ကို ရိက္ခာတွဲပို့တဲ့ရထားမို့ တိုက်ခိုက်လိုက်တာပါ။” ဟု PRA မှတာဝန်ရှိသူတစ်ဦးက ပြောသည်။
မန္တလေးမှရန်ကုန်သို့ ခုတ်မောင်းလာသော (၈)အစုန် လူစီးအမြန်ရထား ဖောက်ခွဲခဲ့ခြင်း ဖြစ်သော်လည်း စစ်တပ်ရိက္ခာပို့ရထား ဖြစ်ကြောင်း ထုတ်ပြန်ထားသည်။
အကြမ်းဖက်စစ်တပ်သည် လူစီးရထားများကို အသုံးပြုပြီး ရိက္ခာထောက်ပို့နှင့် စစ်သားများ ပို့ဆောင်နေခြင်း ဖြစ်ကြောင်း PRA မှ သိရသည်။
PRA မှ တာဝန်ရှိသူက “ ပြောချင်တာကတော့ လူစီးရထားတွေအသုံးပြုပြီး ရိက္ခာမသယ်ကြဖို့နဲ့ စစ်ကောင်စီ အောက်မှာ အလုပ် မလုပ်ကြဘဲ CDMမှာ ပါဝင်ကြဖို့ပါပဲ” ဟု၎င်းကဆက်ပြောသည်။
PRA ထံသို့ စစ်တပ်၏ ရိက္ခာပို့သည့်ရထား ဆိုက်ရောက်မည်ဖြစ်ကြောင်း သတင်းရရှိသဖြင့် ဖောက်ခွဲ တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး ဖောက်ခွဲခဲ့သည့်မိုင်းမှာ အင်အားသိပ်မပြင်းထန်သည့်အတွက် ရထားကြမ်းခင်းသာ ပျက်စီးမှုသာရှိခဲ့ကြောင်း သိရသည်။
“ မိုင်းကအပျော့စားပဲဖြစ်တဲ့အတွက် အသံပဲပါတာပေါ့။ ပေါက်ကွဲအားတော့ ပါတာပေါ့။ ရထားကိုခွဲတာဆိုတော့ လူကိုတော့မထိဘူးပေါ့” ဟု ၎င်းကဆက်ပြောသည်။
မိုင်းဖောက်ခွဲခံရပြီးနောက် အကြမ်းဖက်စစ်တပ်အနေဖြင့် ကျောင်းကားများဖြင့် အနီးတဝိုက်သို့ ပတ်ပြီး ရှာဖွေမှုများပြုလုပ်ခဲ့ကြောင်း သိရှိရသည်။
မြန်မာနိုင်ငံတွင် အကြမ်းဖက်စစ်တပ်က အာဏာသိမ်းပြီးသည့်အချိန်မှစ၍ ပြည်သူ့ဝန်ထမ်းများအနေဖြင့် CDMလှုပ်ရှားမှုတွင် ပါဝင်ကြပြီး စစ်အာဏာရှင်စနစ်ကို တော်လှန်တိုက်ခိုက်လျက် ရှိနေသည်။
လက်ရှိအချိန်တွင် စစ်တပ်၏ လက်အောက်တွင် ဆက်လက်အလုပ်လုပ်ကိုင် နေကြသူများအနေဖြင့် အမှုထမ်းခြင်းအပြင် စစ်တပ်ကို အားပေးအားမြှောက်ပြုလုပ်ခြင်း၊ သတင်းပေးခြင်းများ ပြုလုပ်နေခြင်းများကြောင့် ဒေသခံကာကွယ်ရေးအဖွဲ့များအနေဖြင့် ယခုကဲ့သို့ သတိပေးမှုများ ပြုလုပ်နေကြကြောင်း သိရသည်။