လှိုင်သာယာမြို့နယ်တွင် ပြည်သူ့တော်လှန်ရေးအဖွဲ့များက မဟူရာစစ်ဆင်းရေး စတင်သည့်အနေဖြင့် လှိုင်သာယာမြို့နယ် အနော်ရထာလမ်းကြီးရှိ သောင်ကြီးရဲစခန်းကို ဗုံးသီးဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း သိရသည်။
လှိုင်သာယာမြို့ပြပြောက်ကျားတပ်ဖွဲ့CGF(HTY)၊ Spring Revolution Flames(SAF)တို့ ပူးပေါင်းပြီး နိုဝင်ဘာလ၂၀ရက်နေ့ နံနက်ပိုင်းတွင် သောင်ကြီးရဲစခန်းတွင် ရဲတပ်ဖွဲ့ဝင်များ စုဝေးအလေးပြုနေချိန်၌ ဗုံးသီးဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ခြင်း ဖြစ်ကြောင်း CGF(HTY)ကသတင်းထုတ်ပြန်ထားသည်။
လှိုင်သာယာမြို့ပြပြောက်ကျားတပ်ဖွဲ့CGF(HTY)၏ထုတ်ပြန်ချက်တွင်၎င်းတို့အနေဖြင့်အောင်မြင်စွာဆုတ်ခွာနိုင်ခဲ့ပြီး တော်လှန်ရေးအရှိန်မြင့်လာသည့်နှင့်အမျှတိုက်ခိုက်မှုအရှိန်မြှင့်သွားမည်ဟုထုတ်ပြန်ပြောဆိုထားသည်။
“ တိုက်ခိုက်တာတွေ ဖြစ်ခဲ့တယ် ဆိုတာ ဟုတ်ပါတယ်။ ကျနော်တို့လည်း သတင်းအချက်အလက်တွေ ဆက်လက်စုံစမ်းနေကြတုန်းပါပဲ။ ကျန်တဲ့ဖြစ်စဉ်တွေကတော့ တော်လှန်ရေးအဖွဲ့တွေက သတင်းထုတ်ပြန်ထားတဲ့ အတိုင်းပါပဲ” လှိုင်သာယာမှ တက်ကြွလှုပ်ရှားသူတစ်ဦးက ပြောသည်။
ဆက်လက်ပြီး “လှိုင်သာယာမှာ ဒါမျိုးလုပ်တယ်ဆိုတာ တော်တော်စွန့်စားရတဲ့ ကိစ္စဖြစ်ပါတယ်။ ဒါပေမယ့်ဒါမျိုးတွေ လုပ်တယ်ဆိုတည်းက ကျနော်တို့တော်လှန်ရေးက ဒီကောင်တွေ ဘယ်လိုလုပ်လုပ် မရပ်တန့်ဘူးဆိုတဲ့ ပြယုဂ်တစ်ခုဖြစ်ပါတယ်”ဟု ၎င်းက ပြောသည်။
ဗုံးသီးဖြင့် တိုက်ခိုက်ခဲ့မှုကြောင့် အလေးပြုနေသော အကြမ်းဖက်စစ်တပ် လက်အောက်ခံရဲများ သေဆုံးမှုရှိကြောင်း သတင်းထုတ်ပြန်ထားသော်လည်း MPAအနေဖြင့် သီးခြားအတည်ပြုနိုင်ခြင်း မရှိသေးပေ။
လှိုင်သာယာမြို့နယ်မှ အကြမ်းဖက်စစ်တပ် လက်အောက်ခံ အုပ်ချုပ်ရေးအဖွဲ့အစည်းများထံသို့ ဆက်သွယ်ခဲ့သော်လည်း တစ်စုံတရာ တုံ့ပြန်ပြောကြားခဲ့ခြင်းမရှိပေ။
ရဲစခန်းကိုပစ်တိုက်ခိုက်ခဲ့ရာတွင် အကြမ်းဖက်စစ်တပ်မှ စစ်သားများ စစ်ကူအနေဖြင့် ရောက်ရှိလာပြီး ပူးပေါင်းအဖွဲ့များက နောက်ဆက်တွဲ ဗုံး၄လုံးဖြင့် တိုက်ခိုက်ရန် စီစဉ်ထားသော်လည်း စစ်တပ်ဂျန်ပါများကြောင့် ပျက်ပြယ်ခဲ့ရကြောင်း သတင်းထုတ်ပြန်ထားသည်။