ရှမ်းပြည်နယ်တောင်ပိုင်း တောင်ကြီးခရိုင် မိုးဗြဲမြို့ရှိ လူနေရပ်ကွက်များကို အကြမ်းဖက်စစ်တပ်က လက်နက်ကြီးဖြင့် ၁၀ ကြိမ်ထက်မနည်း ပစ်ခတ်ခဲ့ကြောင်း မိုးဗြဲပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ထံမှ သိရသည်။
မိုးဗြဲမြို့အခြေစိုက် မိုးဗြဲပြည်သူ့ကာကွယ်ရေး ကင်းစခန်းကို တိုက်ခိုက်ပြီးနောက် လူနေရပ်ကွက်များအတွင်းသို့ အကြမ်းဖက်စစ်တပ်က ယင်းသို့ လက်နက်ကြီးဖြင့် ပစ်ခတ်ခဲ့ရာ ဒေသခံများ၏ နေအိမ်အချို့ထိခိုက်ပြီး ဒေသခံများမှာ ညတွင်းချင်း ထွက်ပြေးတိမ်းရှောင်ခဲ့ကြရကြောင်း သိရသည်။
“ ဒီနေ့နံနက်၂နာရီကျော်လောက်မှာပစ်ခတ်တာပါ။ လူတွေထိတာတော့ရှိပါတယ်။ ဒါပေမယ့်အကုန်လုံးကမစိုးရိမ်ရတဲ့ အခြေအနေမှာရှိပါတယ်” ဟု မိုးဗြဲကယ်ဆယ်ရေးအသင်းမှတာဝန်ရှိသူတစ်ဦးက MPA သို့ပြောသည်။
နိုဝင်ဘာလ၁၇ရက်နေ့နံနက်ပိုင်းတွင်အကြမ်းဖက်စစ်တပ်ကအင်အားအလုံးအရင်းဖြင့်ဝင်ရောက်တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး ၁နာရီခွဲကျော်ကြာခန့်တိုက်ပွဲများ ဖြစ်ပွားခဲ့ကာ လက်နက်အင်အားမမျှတသဖြင့် မိုးဗြဲ PDF က ဆုတ်ခွာပေးခဲ့ရကြောင်း သိရသည်။
အကြမ်းဖက် စစ်တပ်က အင်အားအလုံးအရင်းဖြင့် တိုက်ခိုက်ခဲ့သဖြင့် ရဲဘော်တစ်ဦး ပြင်းပြင်းထန်ထန် ဒဏ်ရာရကာ စိုးရိမ်ပြီး ၂ ဦး ရှပ်ထိခဲ့ကြောင်း သိရသည်။
တစ်နာရီခွဲကျော်ကြာတိုက်ပွဲအတွင်းအကြမ်းဖက်စစ်တပ်အနေဖြင့်လည်း ထိခိုက်သေဆုံးမှုများ ရှိနိုင်သည်ဟု မိုးဗြဲပြည်သူ့ကာကွယ်ရေးတပ်က ခန့်မှန်းထားသည်။
နိုဝင်ဘာလ၁၆ရက်နေ့ကလည်း ကလေးမြို့ရှိ ဒေသခံပြည်သူ့ကာကွယ်ရေးအဖွဲ့၏ စစ်ခန်းတစ်ခုကို အင်အားအလုံးအရင်းဖြင့် တိုက်ခိုက်ခဲ့ပြီး ဆေးတပ်ဖွဲ့မှ အမျိုးသမီး၈ဦး၊ အမျိုးသား ၂ ဦးကို ဖမ်းဆီးခဲ့သည်။