By Hsu Yee / MPA
ပခုက္ကူမြို့အခြေစိုက် တပ်မ ၁၀၁ သို့ ကျည်ဆန်များ ပို့ပြီး ပြန်လာသည့် ပျူစောထီးနှစ်ဦးကို ပုဂံ-ညောင်ဦးလမ်းပေါ်တွင် ဖမ်းဆီးမိခဲ့ကြောင်း Bagan Bo Cho အဖွဲ့က သတင်းထုတ်ပြန်သည်။
မတ်လ ၂၃ ရက်၊ နံနက် ၁၀ နာရီခန့်တွင် ပုဂံ-ညောင်ဦး လမ်းပိုင်း၌ Bagan Bo Cho PDF နှင့် မဟာမိတ်တပ်တို့ ရှောင်တခင်စစ်ဆေးစဉ် ကျည် ၅၀၀၀၀ ကို ဆိပ်ဖြူမြို့နယ်အခြေစိုက် ကပစ ၂၁ မှ တပ်မ ၁၀၁ သို့ပို့ဆောင်ခဲ့သော ပျူနှစ်ဦးအား သက်သေများနှင့်တကွ ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။
” ကားကနှစ်စီးသွားတာလို့ပြောတယ်။ ပြန်လာတော့ တစ်စီးတည်း ပြန်လာတာ။ တစ်စီးက နေခဲ့တာလို့ပြောတယ်။ ကားပေါ်မှာ သူတို့စာရွက်စာတမ်းတွေပါတယ်။ ကားကတော့ Pro Box ပေါ့” ဟု Bagan Bo Cho PDF မှ သတင်းနှင့်ပြန်ကြားရေး တာဝန်ခံမှ MPA သို့ပြောသည်။
ဖမ်းဆီးမိသောကားမှာ ရှေ့ပြေးကားဖြစ်ပြီး ၎င်းတို့နှင့်အတူသွားသည့် ကျော်မျိုးလင်းဆိုသူမှာ ကျန်ခဲ့ကြောင်း သိရသည်။
ယင်းပျူနှစ်ဦးကို PDF တို့က အသာတကြည်ခေါ်ဆောင်စဉ် ခုခံသဖြင့် ပစ်ခတ်ခဲ့ရာ နှစ်ဦးစလုံး သေဆုံးသွားကြောင်းသိရသည်။
“ ကိုယ့်ဘက်က ထိခိုက်တာတော့ မရှိဘူး။ ရဲဘော်တွေက အသာတကြည်ခေါ်တဲ့အချိန်မှာပဲ သူတို့က ရဲဘော်တွေကို တွန်းထုတ်ပြီး ထွက်ပြေးတာ။ ပစ်လိုက်တော့ နှစ်ယောက်ဟလုံး သေသွားတယ်” ဟု ၎င်းက ဆက်လက်ပြောသည်။
ယင်းပျူနှစ်ဦးစီးလာသည့် ကားနှင့် သက်သေခံစာရွက်စာတမ်းများကိုလည်း သိမ်းဆည်းရမိခဲ့ကြောင်း သိရသည်။
သေဆုံးသွားသည့် ပျူစောထီးဇော်မြင့်သည် ပေါက်မြို့နယ်၊ထန်းတပင်ရွာသားဖြစ်ပြီး အောင်စိုးဝင်းမှာ ဆူးပုတ်ခုံရွာသား ဖြစ်ကြောင်း သိရသည်။