By Ko Paing / MPA
စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့ပေါ်မှ ရိက္ခာထုတ်ပြီးပြန်လာသော စစ်အုပ်စုဝင်တို့ကို PDF တို့က ကြားဖြတ်တိုက်ခိုက်ခဲ့ရာ ငါးဦးထက်မနည်း ပြင်းထန်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။
မတ်လ ၁၄ ရက်၊ မွန်းလွဲ သုံးနာရီခွဲကျော်တွင် ရွှေဘိုမြို့ပေါ်မှ ရိက္ခာထုတ်ပြီးပြန်လာသည့် ဇီးဖြူကုန်း၊ ပန်းရံနှင့် ဇီးကုန်းလေးပျူစောထီးရွာများမှ စစ်သားနှင့်ပျူစောထီး အင်အား ၅၀ ခန့်တို့ကို ရွှေဘို-ရေဦး လမ်းပိုင်းတစ်နေရာ၌ ဒေသကာကွယ်ရေးတပ်ဖွဲ့များက စောင့်ကြိုတိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး ရိက္ခာများသိမ်းဆည်းနိုင်ခဲ့ကာ စစ်အုပ်စုဝင်များ စီးလာသည့် ပုဇင်းခေါင်းကားအား မီးရှို့ဖျက်ဆီးနိုင်ခဲ့ကြောင်း ရွှေဘိုမြို့နယ်ပကဖ က သတင်းထုတ်ပြန်ထားသည်။
“ပျူရွာက စစ်သားနဲ့ပျူတွေ ရွှေဘိုကနေ ရိက္ခာထုတ်ပြီးပြန်လာတဲ့ ကားတန်းကို စောင့်ပြီးတိုက်တာပါ။ ကျတော်တို့က ဆီးပြီးပစ်တော့ ကားတစ်စီးက လမ်းဘေးမြောင်းထဲ ထိုးကျသွားတယ်။ ကျန်တဲ့ ကားနှစ်စီးကတော့ အပြန်အလှန်ပစ်ရင်း မောင်းပြေးသွားတယ်။ ခြေလျင် နောက်ကနေ ပစ်ပြေးတဲ့ကောင်တွေရောပေါ့။ ဒဏ်ရာရတာကတော့ ငါးယောက်ထက်မနည်းဘူး။ လမ်းဘေးထိုးကျ သွားတဲ့ကားမှာ သွေးစက်တွေများတယ်။ သေတာကိုတော့ အတည်မပြုနိုင်လို့ မပြောနိုင်ပါဘူး” ဟု ရွှေဘိုမြို့နယ်ပကဖ မှ တာဝန်ရှိသူတစ်ဦး က MPA သို့ ပြောသည်။
လမ်းဘေးမြောင်းအတွင်း ထိုးကျသွားသော ကားပေါ်မှ စားဆီ ပီပါ တစ်လုံးနှင့် စားဆီ ၁၀ ဂါလံဝင် ခြောက်ပုံးတို့ကို သိမ်းဆည်းရရှိခဲ့ပြီး ကားကိုမူ အလွယ်တကူ မသယ်ယူနိုင်သဖြင့် မီးရှို့ဖျက်ဆီးခဲ့ကြောင်းသိရသည်။
အဆိုပါတိုက်ခိုက်မှုကို ရွှေဘိုမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့-တိုက်ခိုက်ရေးအဖွဲ့ (PDO) မှ ဦးဆောင်ကာ တိုက်နယ် ၅ (ပကဖ) နှင့် ကျေးရွာ ပကဖ များဖြစ်သည့် ဂဠုန်ကြီး (ပကဖ)၊ ဘီလူးညီနောင် (ပကဖ)၊ လှိုင်းလုံးနီအဖွဲ့၊ AK (ပကဖ)၊ တိုက်နယ် ၁ (Golden Future Force ပကဖ) MC ပကဖ၊ တဂဏ နဂါးမင်း ပကဖ အဖွဲ့တို့ ပူးပေါင်းဆင်နွှဲခဲ့ခြင်းဖြစ်ပြီး PDFရဲဘော်များ ထိခိုက်မှုမရှိကြောင်းသိရသည်။
စစ်အုပ်စုဝင်များ ဒဏ်ရာရမှုကို MPA အနေနှင့် သီးခြားအတည်မပြုနိုင်ပေ။