By Ra Wai / MPA
စစ်ကိုင်းတိုင်း၊ ရေဦးမြို့ပေါ်ရှိ စစ်ရေးပစ်မှတ်များကို ယခုနှစ်အတွင်း ဒရုန်းဖြင့် ၁၅ ကြိမ်တိုက်ခိုက်ခဲ့ရာ စစ်သား ကိုးဦးသေဆုံးခဲ့ကြောင်းသိရသည်။
၂၀၂၅ ခုနှစ် ဇန်နဝါရီမှ ယနေ့ မတ်လ ၁၀ ရက်အထိ ရေဦးမြို့အဝင်အထွက် ဂိတ်ငါးနေရာနှင့် မြို့တွင်း စစ်တပ်အထိုင်ချစခန်းလေးနေရာတို့ကို ဒရုန်းဖြင့် ဗုံးသီးကြဲချတိုက်ခိုက်ခဲ့ကြောင်း ရေဦးမြို့နယ်ပကဖထံက သိရသည်။
” အားလုံးပေါင်း ကိုးကောင်ကဝောာ့ တိတိကျကျပြောလို့ရတယ်။ ချက်ချင်းသေတာမဟုတ်ဘူး။ ဆေးရုံမှာ တက်ပြီးမှ သေ၊ သေသွားတာ ” ဟု ရေဦးမြို့နယ်ပကဖတာဝန်ခံက MPA သို့ပြောသည်။
ရေဦးမြို့အရှေ့ဘက်၌ ကြာဖူးဝိုင်းဂိတ်၊ အနောက်တောင်ဘက်၌ တြိဂံဂိတ်၊ အနောက်ဘက်၌ ရွှေကျီးမင်းဂိတ်၊ အနောက်မြောက်ဘက်၌ ဒိုင်ကွင်းဂိတ်၊ မြောက်ဘက်၌ မြောက်ဘက်ဂိတ်နှင့် မြို့တွင်း၌ တိုင်းရင်းဆေးရုံ၊ ရဲစခန်း၊ အမကကျောင်း၊ စီးပွားရေးဘဏ်နှင့် ရုံးပေါင်းစုံတို့၌ စစ်သားများ အထိုင်ချတပ်စွဲထားသည်။
ရေဦးမြို့အတွင်းရှိ စစ်ရေးပစ်မှတ်များကို PDF တပ်ဖွဲ့များက ဒရုန်းဖြင့် မကြာခဏ တိုက်ခိုက်မှုများရှိသဖြင့် စစ်တပ်က ဘန်ကာအခိုင်အမာတည်ဆောက်ခြင်း၊ ကင်းပုန်းဝပ်ခြင်းနှင့် လက်နက်ကြီးအထိုင်ချထားခြင်းများ ပြုလုပ်ထားကြောင်း သိရသည်။
” သူတို့ကတော့ ဘန်ကာရှိတယ်။ မျှော်စင်တွေရှိတယ်။ ကင်းပုန်းဝပ်တာတွေလည်းရှိတယ်။ ပတ်ပတ်လည်ကို ၈၁ (လက်နက်ကြီး) ချိန်ထားတယ်။ ထားပါတော့၊ ကျတော်တို့ မြောက်ဘက်ဂိတ်ကို တိုက်တယ်ဆိုရင် ၈၁ ကို ကျတော်တို့ ရှိနိုင်တဲ့ ခန့်မှန်းခြေနေရာကို လှမ်းပစ်တယ်” ဟု ၎င်းကဆက်လက်ပြောသည်။
ယနေ့ (မတ်လ ၁၀ ရက်) နံနက် ရှစ်နာရီခွဲဝန်းကျင်ကလည်း ရေဦးမြို့၊ ရွှေပြည်သာရပ်ကွက်၊ မေဂဝန်ကျောင်းအတွင်း ကင်းပုန်းလာဝပ်သည့် စစ်သားများကို ဒရုန်းဖြင့်ဗုံးကြဲတိုက်ခိုက်ခဲ့ပြီး ထိခိုက်သေဆုံးမှုကို မသိရှိရသေးကြောင်း သိရသည်။
စစ်သားများ သေဆုံးမှုကို MPA အနေနှင့် သီးခြားအတည်မပြုနိုင်ပေ။