By Ko Paing/MPA
မန္တလေးတိုင်း၊ မြင်းခြံမြို့ပေါ်ရှိ စစ်ကောင်စီစစ်ဆေးရေးဂိတ်ကို PDFတို့ အနီးကပ်ဝင်ရောက်ပစ်ခတ်ရာ စစ်သား လေးဦးသေဆုံးခဲ့ကြောင်း Myingyan Black Tiger က ယနေ့(မတ်လေးရက်) သတင်း ထုတ်ပြန်သည်။
မတ်လ ၃ ရက်၊ နံနက် ၁၀ နာရီ မိနစ် ၅၀ ခန့်တွင် မြင်းခြံမြို့ပေါ် အမှတ် ၁၈ ရပ်ကွက်ရှိ စစ်သား ၁၀ ဦးဝန်းကျင်ရှိ စစ်တပ်စစ်ဆေးရေးဂိတ်ကို အနီးကပ်ဝင်ရောက်ပစ်ခတ်ခဲ့ခြင်းဖြစ်ကြောင်းသိရသည်။
“တိုက်ပွဲကတော့ အလစ်အငိုက်ဝင်တိုက်ခိုက်တဲ့သဘောပါ။အဓိကတော့ ၆၀ မမ တွေနဲ့ပစ်တယ်။ လက်နက်ငယ်တွေနဲ့ ဝင်ပစ်တာပါ။ကျတော်တို့ အရင်တစ်ခါလည်း အမှတ် ၁၈ ဂိတ်ကိုဝင်ပစ်ထား သေး တယ်။တိုက်ပွဲဖြစ်ပြီး ကျတော်တို့ စကောက်ပြန်ကြည့်တော့ ဂိတ်မရှိတော့ဘူး။သူတို့ ကင်းပုန်း ဝပ် နေ တာလား။ဂိတ်ကို စွန့်ခွာလိုက်တာလားဆိုတာတော့ ကျတော်တို့သေချာမသိရသေးပါဘူး”ဟု Myingyan Black Tiger တာဝန်ခံ ဗိုလ်မိုက်ခဲ က MPAသို့ ပြောသည်။
ယင်းတိုက်ခိုက်မှုအတွင်း စစ်ကူများရောက်ရှိလာပြီး သေဆုံးသွားသည့် စစ်သားအလောင်းများကို မြင်းခြံ အထကနှစ်ကျောင်း၌ ထားခဲ့ကြောင်းသိရသည်။
အဆိုပါတိုက်ခိုက်မှုကို Myigyan Black Tiger(MBT)၊ဗိုလ်စားပြောက်ကျားတပ်ဖွဲ့နှင့် BGF တို့ပူးပေါင်းလုပ်ဆောင်ခဲ့ခြင်းဖြစ်ပြီး PDF ရဲဘော်များထိခိုက်မှုမရှိဘဲ ပြန်လည်ဆုတ်ခွာနိုင်ခဲ့ကြောင်းသိရသည်။
စစ်သားများ သေဆုံးမှုကို MPAအနေနှင့် သီးခြားအတည်မပြုနိုင်ပေ။