By Ra Wai / MPA
မန္တလေးတိုင်း၊ မြင်းခြံမြို့နယ်တွင် စစ်ကောင်စီ ဓာတ်အားပေးစက်ရုံတစ်ခုမှ ပစ္စည်းများကို PDF တပ်ဖွဲ့က သိမ်းယူခဲ့ပြီး မီးရှို့ခံထားရသည့် ကျေးရွာတစ်ရွာအား မီးသွယ်တန်း ပေးခဲ့ကြောင်းသိရသည်။
ဖေဖော်ဝါရီ ၁၅ ရက်တွင် မြင်းခြံမြို့နယ်၊ ဆီးမီးခုံနယ်အတွင်းရှိ လျှပ်စစ်ဝန်ကြီးဌာန၊ လျှပ်စစ်ဓာတ်အားပေးရုံမှ ကေဘယ်လ်ကြိုးနှင့် အခြားလျှပ်စစ်နှင့် ဆက်စပ်ပစ္စည်းများ သိမ်းယူခဲ့ပြီး စစ်ကောင်စီတပ် မီးရှို့ခြင်းခံထားရသည့် ကျေးရွာတစ်ရွာအား လျှပ်စစ်မီးပြန်လည်ရရှိအောင် လုပ်ဆောင်ခဲ့ကြောင်း မြင်းခြံခရိုင်အမှတ်ကိုးတပ်ရင်း (Myingyan Black Tiger) က သတင်းထုတ်ပြန်သည်။
” သူတို့(စစ်ကောင်စီတပ်)ထွက်မလာရဲလို့၊ ထွက်လာရဲတယ်ဆိုရင် ကျတော်တို့တွေ ဘာမှလုပ်လို့မရ ဘူးပေါ့။ သူတို့ထွက်မလာလို့ ကျတော်တို့ ဒါတွေကို သိမ်းဆည်းပြီးတော့ ပြည်သူ့အကျိုးပြုလုပ်ငန်း တွေ လုပ်တယ်ပေါ့နော်။ မီးကြိုးတွေဆိုရင်တော့ စကစက ဖျက်ဆီးသွားတဲ့ ရွာတွေ၊ MBTတပ်ဖွဲ့ရဲ့ နယ်မြေထဲကရွာတွေ ကျတော်တို့ မီးကြိုးတွေသယ်ပြီး သွယ်တန်းပေးတာရှိတယ်။ တချို့ပြန်သုံးလို့ မရတဲ့ သံတိုသံစလိုဟာတွေတော့ ပြန်ရောင်းပြီး ကျတော်တို့ လိုအပ်တဲ့နေရာတွေမှာသုံးတယ်” မြင်း ခြံခရိုင်အမှတ်ကိုးတပ်ရင်း( Myingyan Black Tiger) တာဝန်ခံ ဗိုလ်မိုက်ခဲက MPA သို့ပြောသည်။
မီးကြိုးများသယ်ဆောင်ပြီးနောက် ချက်ချင်းပြန်လည်မီးပေးနိုင်ခဲ့ပြီး လျှပ်စစ်မီးသွယ်တန်းရန် နေအိမ်အချို့သာ ကျန်တော့ကြောင်း သိရသည်။
” ပြည်သူတွေထဲက လျှပ်စစ်ကျွမ်းကျင်သူတွေနဲ့ သွယ်တန်းခဲ့တာပေါ့။ အခုအချိန်မှာတော့ မီးရနေပြီ ပေါ့။ တစ်ရွာလုံးမီးရနေပြီ။ လမ်းတွေကတော့ အကုန်သွယ်ပြီးပြီ” ဟု ၎င်းကဆက်လက် ပြောသည်။
မြင်းခြံခရိုင်အမှတ်ကိုးတပ်ရင်း( Myingyan Black Tiger) အဖွဲ့အနေဖြင့် ကိုယ်ကျိုးအတွက် အသုံးပြုခြင်းမဟုတ်ဘဲ ၎င်းတို့စိုးမိုးနယ်မြေအတွင်းရှိ ပြည်သူများ ပြန်လည်အဆင်ပြေရေးနှင့် ကောင်မွန်စွာနေထိုင်နိုင်ရေးအတွက် မည်သည့်ပုံစံမျိုးနှင့်မဆို တရားနည်းလမ်းကျကျ ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ထုတ်ပြန်ထားသည်။