By Ko Paing / MPA
မကွေးတိုင်း၊ စလင်းမြို့နယ် ၊တညောင်တိုက်နယ်ဈေးတွင် အမျိုးသမီးဒုရဲအုပ်တစ်ဦး PDFတို့၏ ပစ် ခတ်ခြင်းခံရကာ ပွဲချင်းပြီးသေဆုံးသွားကြောင်း သိရသည်။
ယနေ့(ဖေဖေါ်ဝါရီလေးရက်)နံနက်ရှစ်နာရီကျော်တွင် စလင်းမြို့နယ်၊တညောင်ရဲစခန်းမှ ဒုရဲအုပ် လဲ့လဲ့စိုးသည် တညောင်စျေးအတွင်း ပိုက်ဆံကောက်ခံနေစဥ် ကာကွယ်ရေးတပ်ဖွဲ့ဝင်များ၏ ပတ်ကင်းနှင့်တွေ့၍ ပစ်ခတ်ခံရခြင်းဖြစ်ကြောင်းပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(ပကဖ-စလင်း)က သတင်းထုတ်ပြန်သည်။
“သူက တညောင်စျေးထဲမှာ အရပ်ဝတ်နဲ့ခြေလျင် ပိုက်ဆံလိုက်ကောက်နေချိန် ကျတော်တို့ ပတ်ကင်းနဲ့ တိုးပြီး ပစ်ခံရတာပါ။နေရာမှာပဲ ပွဲချင်းပြီးသေပါတယ်။သူက စျေးခွန်၊ဆိုင်ခန်းအခွန် လိုက်ကောက်နေတယ်လို့ ဒေသခံတွေကပြောပါတယ်”ဟု ပကဖ-စလင်း သတင်းတာဝန်ခံ ကိုအောင်ဆန်း က MPAသို့ပြောသည်။
သေဆုံးသွားသည့် ဒုရဲအုပ်လဲ့လဲ့စိုး၏ အလောင်းကို တညောင်ဆေးရုံသို့ သယ်ဆောင်သွားကြောင်း သိရသည်။
“စျေးထဲမှာ စျေးဝယ်နေတုန်း အပစ်ခံလိုက်ရတာ။ရဲတော့ ရဲပဲ။ ရဲမေလား၊ ဒုရဲအုပ်လားတော့ မသိဘူး”ဟု တညောင်ဒေသခံတစ်ဦး ကပြောသည်။
ယင်းပစ်ခတ်မှုအပြီးတွင် တညောင်ရဲစခန်းနှင့် တညောင်-မြို့လှလျှပ်စစ်ဓာတ်အားပေးရုံမှ စစ်အုပ်စုဝင်တို့ သေနတ်များပစ်ဖောက်နေပြီး ဆင်ဖြူကျွန်း-တညောင်-ချောက်လမ်းပိုင်းကို ပိတ်ထားကြောင်းသိရသည်။
သေဆုံးသွားသည့် ဒုရဲအုပ်လဲ့လဲ့စိုး အပါအဝင် တညောင်ရဲစခန်းမှ ရဲများကို အလင်းဝင်ရန် သုံး ကြိမ် ဆက်သွယ်ခဲ့ဖူးကြောင်း ပကဖ-စလင်း ထံက သိရသည်။