By Ra Wai / MPA
ရန်ကုန်တိုင်း၊ မှော်ဘီမြို့နယ်အတွင်းရှိ လေးလမ်းဂိတ်ကို ပါဆယ်မိုင်းဖြင့် PDF တို့ ဖောက်ခွဲတိုက်ခိုက်ခဲ့ရာ စစ်အုပ်စုဝင် လေးဦးထက်မနည်း ဒဏ်ရာရရှိခဲ့ကြောင်းသိရသည်။
ဇန်နဝါရီ ၂၆ရက်၊ ည ၇နာရီ ၄၅မိနစ်ခန့်တွင် မှော်ဘီမြို့နယ်၊ ပြည်လမ်းမနှင့် အမှတ်လေးလမ်းဆုံရှိ လေးလမ်း စစ်ကောင်စီဂိတ်ကို ပါဆယ်မိုင်းတစ်လုံးဖြင့် ဖောက်ခွဲတိုက်ခိုက်ခဲ့ကြောင်း ရွှေဘိုခရိုင်အမှတ် ၁၅တပ်ရင်းက သတင်းထုတ်ပြန်သည်။
” ပြည်လမ်းမကြီး ကနေဝင်သမျှ အကုန်စစ်တဲ့နေရာ ။ အဲနေရာကို ဖရဲသီးနဲ့ ပါဆယ်မိုင်း (ကွဲအားပြင်း) ဖောက်ခွဲခဲ့တာပါ” ဟု ရွှေဘိုခရိုင်အမှတ် ၁၅တပ်ရင်း၊ တပ်ရင်းမှူးဗိုလ်ကောက်ရိုးက MPAသို့ပြောသည်။
ယင်းတိုက်ခိုက်မှုအတွက် လနှင့်ချီပြင်ဆင်ခဲ့ရပြီး နေရာဒေသမရွေး သွေးမအေးစေရန်နှင့် မြို့တွင်းအထိ အညာသားများ လုပ်နိုင်ကြောင်း စစ်ကောင်စီသိစေလို၍ဖြစ်သည်ဟု ၎င်းကပြောသည်။
” နိုင်ငံကြီးပျက်နေတာကို မေ့နေကြတဲ့လူတွေ မမေ့ဖို့ အသက်စွန့်ပြီး လုပ်ခဲ့တာပါ။ စစ်ကောင်စီကိုလည်း မြို့တွင်းတွေထိ အညာသားတွေက လုပ်နိုင်တယ်ဆိုတာ သိစေချင်တယ်” ဟု ၎င်းက ဆက်လက်ပြောသည်။
မိုင်းခွဲတိုက်ခိုက်ခံရပြီးနောက် ယင်းလမ်းဆုံ၌ အင်အားတိုးမြှင့်ထားပြီး ယနေ့ (ဇန်နဝါရီ ၂၇ရက်) နံနက် ၁၀နာရီကျော်အထိ အစစ်အဆေးတင်းကျပ်နေကြောင်း သိရသည်။
ယင်းတိုက်ခိုက်မှုကို ရွှေဘိုခရိုင်အမှတ် ၁၅တပ်ရင်းနှင့် Civillan Military – SRDF (စစ်ဆင်ရေးစစ်ကြောင်း) တို့ ပူးပေါင်းဆင်နွှဲခဲ့ခြင်းဖြစ်ပြီး PDFရဲဘော်များအထိအခိုက်မရှိပြန်လည်ဆုတ်ခွာနိုင်ခဲ့ကြောင်းသိရသည်။
စစ်ကောင်စီတပ်ဖွဲ့ဝင်များ ထိခိုက်မှုကို MPA အနေနှင့် သီးခြားအတည်မပြုနိုင်ပေ။