By Ra Wai / MPA
တနင်္သာရီနှင့် မြိတ်မြို့နယ်တို့တွင် စစ်တပ်နှင့် PDFတပ်ဖွဲ့တို့ကြား တိုက်ပွဲပြင်းထန်နေကြောင်းသိရသည်။
တနင်္သာရီမြို့နယ်၊ မောတောင်နယ်စပ်မြို့အနီး စစ်ကောင်စီတပ်က စစ်ကြောင်းထိုးလာခဲ့ရာ ယင်းစစ်ကြောင်းနှင့် PDFတပ်ဖွဲ့တို့ သိန်ခွန်းရွာအနီး၌ တိုက်ပွဲများပြင်းထန်နေသည်မှာ တစ်လခန့်ရှိပြီဖြစ်ပြီး ဘန်းလမွန်းကျေးရွာဘက်၌လည်း စစ်ကောင်စီ ထောက်ပို့ယာဉ်တန်းများကို ဖြတ်တောက်တိုက်ခိုက်နေကြောင်း မြိတ်ခရိုင်အမှတ်နှစ်တပ်ရင်းထံက သိရသည်။
“ စကစဘက်ကနေ စစ်ကြောင်းထိုးနေတာပါ။ သိန်ခွန်းမှာတိုက်ပွဲပြင်းထန်နေပါတယ်။ ဘန်းလမွတ်ကျေးရွာဘက်ကနေပြီးတော့ စကစ အထောက်အပံ့ယာဉ်တန်းတွေကိုလည်း ဖြတ်တောက် တိုက်ခိုက်နေတာလည်းရှိပါတယ်။မြိတ်မြို့နယ်မှာက မိုင်းဆွဲတိုက်ခိုက်မှုအနည်းငယ်ပဲဖြစ်တာပါ” ဟု မြိတ်ခရိုင်အမှတ်နှစ်တပ်ရင်းမှ တာဝန်ရှိသူတစ်ဦးက MPAသို့ပြောသည်။
စစ်ကောင်စီတပ်သည် ၎င်းတို့စစ်ကြောင်းထိုးသည့်နေရာတိုင်း၌ အရပ်သားပြည်သူများကို အဓမ္မဖမ်းဆီးခြင်း၊ ပေါ်တာဆွဲခြင်းနှင့် ပြည်သူ့နေအိမ်များအား မီးရှို့ဖျက်ဆီးမှုတို့ ပြုလုပ်လျက်ရှိကြောင်းသိရသည်။
သိန်ခွန်းရွာအနီးရှိ စစ်ကောင်စီစစ်ကြောင်းကို အထောက်အကူပြုနိုင်ရန် မြိတ်- တနင်္သာရီ ပြည်ထောင်စုလမ်းမကြီးပေါ်၌ ဖြတ်သန်းသွားလာနေသည့် ခရီးသွားကားများအား စစ်ကောင်စီတပ်က အကာအကွယ်ယူလျက် စစ်ရေးအကျိုးအမြတ်ရရှိအောင်လုပ်ဆောင်လျက်ရှိကြောင်းလည်း သိရသည်။
ထို့ကြောင့် ပြည်ထောင်စုလမ်းမကြီးတွင် အချိန်မရွေးတိုက်ပွဲများ ဖြစ်ပွားလာနိုင်သဖြင့် ပြည်သူများ ထိခိုက်မှုမရှိစေရန် ခရီးသွားလာမှုကို တားမြစ်လိုက်ပြီး ပြန်လည်အသုံးပြုနိုင်မည်အချိန် အား ထပ်မံအသိပေးထုတ်ပြန်သွားမည်ဖြစ်ကြောင်း တောင်ပိုင်းတိုင်းစစ်ဒေသ (တနင်္သာရီ) ဗျူဟာ ၃၅ နယ်မြေတာဝန်ခံရုံးက ယနေ့ (ဇန်နဝါရီ ၂၃ရက်) ထုတ်ပြန်ထားသည်။