By Ra Wai / MPA
စစ်ကိုင်းတိုင်း၊ ရွေဘိုမြို့နယ်၊ ပန်းရံရွာတွင် ပျူစောထီးများ ပြုလုပ်နေသည့် အလှူပွဲ ဒရုန်းနှင့် ဗုံးကြဲတိုက်ခိုက်ခံရပြီး တစ်ဦးသေဆုံးသွားကြောင်းသိရသည်။
ယင်းအလှူ လှည့်လည်ပွဲသို့ မလိုက်သော ဒေသခံများကို ဒဏ်ငွေငါးသိန်း ပေးဆောင်ရမည်ဟု ဖိအား ပေးသဖြင့် ဇန်နဝါရီ ၁၉ရက်၊ နံနက် ရှစ်နာရီခွဲခန့်တွင် ဒရုန်းဖြင့် ဗုံးသီးသုံးလုံးကြဲချခဲ့ရာ စစ်ကောင်စီ ခန့် ဆယ်အိမ်မှူး၊ ပျူစောထီးညိုဦး ပွဲချင်းပြီး သေဆုံးခဲ့ကြောင်း ရွှေဘိုမြို့နယ်ပြည်သူ့လုံခြုံ ရေးအဖွဲ့ က သတင်းထုတ်ပြန်သည်။
” အလှူပွဲမလှည့်ခင်ပေါ့။ ပျူတွေချည်းပဲ စုလုပ်တဲ့ အလှူပွဲပျက်စီးဖို့ရာအတွက် ဖျက်ပေးလိုက်တာ ပေါ့။ ပြည်သူတွေကို အလှူပေးတဲ့ ပျူခေါင်းဆောင် အောင်ကျော်နဲ့ ဖိုးဇော်က မလိုက်မနေရ၊ မလိုက် ရင် ဒဏ်ကြေးငါးသိန်းနဲ့ PDF ထောက်ပံ့လို့ သတ်မှတ်မယ်ဆိုလို့ အများရဲ့ တောင်းဆိုချက်ကြောင့် တိုက်ခိုက်ချေမှုန်းခဲ့တာ” ဟု ရွှေဘိုမြို့နယ်ပြည်သူ့လုံခြုံရေးအဖွဲ့၊ ဒုတာဝန်ခံ ဗိုလ်မိကျောင်းက MPAသို့ပြောသည်။
ဗုံးကြဲတိုက်ခိုက်ခံရပြီးနောက် ပန်းရံကျေးရွာမှ စစ်ကောင်စီတပ်ဖွဲ့ဝင်များ ကားနှစ်စီး၊ ဆိုင်ကယ်သုံးစီး ဖြင့် သီးလုံးပျူရွာဘက်မှတစ်ဆင့် ထွက်လာ၍ ပစ်ခတ်ခဲ့ရာ ထိတွေ့တိုက်ပွဲ ၁၀မိနစ်ခန့်ဖြစ်ပွားခဲ့ပြီး သီးလုံးပျူရွာထဲသို့ ပြန်လည်ဆုတ်ခွာသွားကြောင်းသိရသည်။
” ဒရုန်းချနေတဲ့ နေရာကို သိသွားလို့ လာရောက်ပြီးတော့ မြေပြင်မှာပစ်ခတ်ဖို့ကြိုးစားတဲ့အခါ ကိုယ့်ဘက်ကလည်း ကာကင်းတွေ ကြိုကင်းပုန်းဝပ်ထားတဲ့အတွက်က နှစ်ဘက် ထိတွေ့တိုက်ပွဲဖြစ်တယ်။ သူတို့မနိုင်မှန်းသိတော့ သီးလုံးပျူရွာထဲကို ပြန်ဝင်သွားတယ်” ဟု ၎င်းက ဆက်လက်ပြောသည်။
ထို့နောက် ညနေပိုင်းတွင် သီးလုံးပျူရွာထဲရှိ အရက်ဆိုင်၌ ပျူစောထီးများ စုဝေးသောက်နေစဉ် ဗုံးသီးနှစ်လုံး ထပ်မံကြဲချခဲ့ရာ အထိအခိုက် ရှိ၊မရှိ မသိရသေးကြောင်း ၎င်းကပြောသည်။
ယင်းတိုက်ခိုက်မှုများကို ရွှေဘိုမြို့နယ်ပြည်သူ့လုံခြုံရေးတပ်ဖွဲ့၊shwebo Crocodile ၊M.sai Naw (Drone) မင်းသားချောလေးအဖွဲ့ ၊ snake eyes ပျံလွှား (Drone)ဖွဲ့ ၊ ရွှေဘိုခရိုင် အမှတ်လေးတပ်ရင်း ၊ Shwebo Federal Army ၊ ဗိုလ်လင်းရောင်ပြည်သူ့ကာကွယ်ရေးအဖွဲ့ ၊ဇာမဏီဒေါင်း (ဒပယ) ၊HG FIGHTER ၊ YAUNG NI ၊ ဇင်ယော် အဖွဲ့၊ ဒေါင်းစစ်သည် – ပြည်သူ့ကာကွယ်ရေးအဖွဲ့ ၊တောင်သူလွတ်မြောက်ရေးအင်အားစု(FIF) ၊ Eye For Eye ၊firly dragon Force ၊စွန်ရဲရွှေဘို ဒေသခံ (LDF)နှင့် ရွှေဘိုသား ပြည်သူ့ကာကွယ်ရေးအဖွဲ့တို့ ပူးပေါင်းဆင်နွှဲခဲ့ခြင်းဖြစ်ပြီး PDFရဲဘော်များ အထိအခိုက်မရှိ ပြန်လည်ဆုတ်ခွာနိုင်ခဲ့ကြောင်းသိရသည်။
ပျူစောထီး သေဆုံးမှုကို MPAအနေနှင့် သီးခြားအတည်မပြုနိုင်ပေ။