By Nway / MPA
မကွေးတိုင်း၊ ဆိပ်ဖြူမြို့နယ်အခြေစိုက် အမှတ် ၂၁ ကာကွယ်ရေးပစ္စည်း စက်ရုံ (ကပစ) ကို ၁၀၇မမ ရှော့တိုက်ဒုံးဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း သိရသည်။
ဇန်နဝါရီ ၁၈ရက်၊ ညနေ ၄ နာရီ မိနစ်၂၀ခန့်တွင် ကပစ ၂၁ကို ၁၀၇ မမ ရှော့တိုက်ဒုံးရှစ် လုံး ပစ်ခတ်ခဲ့ရာ ခုနှစ်လုံးအား အောင်မြင်စွာ ပစ်ခတ်နိုင်ခဲ့ကြောင်း Brave Warriors for Myanmar (BWM) အဖွဲ့က ယနေ့ ( ဇန်နဝါရီ ၁၉ရက် ) မွန်းလွဲပိုင်း၌ သတင်းထုတ်ပြန်သည်။
“ ပစ်တာကတော့ ကပစထဲက ထုတ်လုပ်ရေးရုံနေရာတွေကိုပဲအဓိကပစ်တာ။ ပစ်ပြီးပြီးချင်း စကစဘက်က လက်နက်ကြီးတွေ ရမ်းသန်းပြီးဆက်တိုက်ပြန်ပစ်ပါတယ်။ ဘယ်နှစ်ချက်မှန်းတောင် မရေနိုင်ဘူး” ဟု BWM အဖွဲ့မှ တာဝန်ရှိသူတစ်ဦးက MPA ကို ပြောသည်။
ယင်းတိုက်ခိုက်မှုကြောင့် စက်ရုံအတွင်း ကြီးမားသော ထိခိုက်မှု ရှိကြောင်း သိရပြီး အသေးစိတ်ကို ဆက်လက်စုံစမ်းနေကြောင်း BWM ကဆိုသည်။
ကပစ ၂၁ တွင် ပေါင် ၂၅၀ဗုံးသီး၊ ပေါင် ၅၀၀ ဗုံးသီး၊ Cluster ဗုံးသီးများ အပါအဝင် တိုက်လေယာဥ်သုံး ဗုံးသီးအမျိုးမျိုးကို အဓိကထုတ်လုပ်နေကြောင်း သိရသည်။
ယင်းတိုက်ခိုက်မှုကို Brave Warriors for Myanmar (BWM) အဖွဲ့၏ ဦးဆောင်စီမံမှုဖြင့် Eagle Brigade (ANyar Eagles) ၊ No More Dictatorship-NMD ၊ Shadow (Mandalay)နှင့် ဒေသခံတော်လှန်ရေးအင်အားစုများ ပူးပေါင်းဖော်ဆောင်ခဲ့ကြောင်း သိရသည်။


