By Nway / MPA
မကွေးတိုင်း၊ မြိုင်မြို့နယ် ကန်နီပျူစောထီးရွာ၏ တောင်ဘက်တွင် ရိက္ခာပို့စစ်ကောင်စီယာဉ်တန်းနှင့် PDF တို့ တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း သိရသည်။
ယနေ့ (ဇန်နဝါရီ ၁၄ရက်) နံနက် ကိုးနာရီခွဲခန့်တွင် မြိုင်မြို့၊ မန္တလေးဂိတ်မှ ထွက်ခွာလာသော စစ်ကား ၁၈စီးခန့်ပါ ရိက္ခာပို့စစ်ယာဉ်တန်းနှင့် တိုက်ပွဲဖြစ်ပွားခြင်းဖြစ်ပြီး စစ်တပ်ဘက်က ထိခိုက်သေဆုံးမှုရှိနိုင်သော်လည်း အတိအကျ မသိရသေးကြောင်း MPA ၏ မြိုင်မြို့နယ်စစ်ရေးသတင်းရင်းမြစ်တစ်ဦးထံက သိရသည်။
“ ယာဉ်တန်းရဲ့ရှေ့ကနေ ပွိုင့် ရှစ်ပွိုင့်လောက်ယူပြီး လာတယ်။ မြိုင်မြို့နဲ့ ကန်နီပျူရွာနဲ့က ကတ္တရာလမ်းရှိတယ်။ ဒီလမ်းအတိုင်း မလာဘဲ ရွာတွေဘက်က ပတ်ပြီး တောလမ်းအတိုင်း လာတာ။ တောလမ်းအတိုင်း လာလို့ရဖို့ ဘူဒိုဇာကားတွေလည်း ပါတယ်” ဟု ၎င်းက MPA ကို ပြောသည်။
ယင်းစစ်ယာဉ်တန်းသည် ယနေ့ မွန်းလွဲ သုံးနာရီခန့်တွင် ကန်နီပျူရွာသို့ ရောက်ရှိသွားပြီဖြစ်ကြောင်း ၎င်းကပြောသည်။
“ ဒီစစ်ကြောင်းက ပခုက္ကူတပ်မ ၁၀၁ကနေ မြိုင်မြို့ရယ်၊ ကန်နီရယ်ကို ရိက္ခာပို့ထွက်လာတာ။ ဒီလိုယာဉ်တန်းကြီးနဲ့ ရိက္ခာပို့ထွက်မလာနိုင်တာ တော်တော်ကြာသွားပြီ။ တနှစ်လောက်ရှိပြီ လာမပို့နိုင်တာ။ ကန်နီရဲ့ ဘေးရွာတွေကို စစ်ကြောင်းထိုးပြီး ရိက္ခာယူတာပဲရှိတာ” ဟု ၎င်းကဆက်လက်ပြောသည်။
၂၀၂၄ခု၊ ဇွန်လဆန်းက မြိုင်မြို့နယ်ရှိ ပျူရွာများကို ရိက္ခာပို့ရန် ပခုက္ကူတပ်မ ၁၀၁ မှ ထွက်ခွာလာခဲ့သော ရိက္ခာပို့စစ်ကြောင်းသည် ကာကွယ်ရေးတပ်ဖွဲ့များ၏ ပိတ်ဆို့တိုက်ခိုက်မှုကြောင့် သရက်ကန်ပျူရွာနှင့် တွင်းမပျူရွာကိုသာ ရိက္ခာပို့ဆောင်နိုင်ခဲ့ကာ ကန်နီပျူရွာအပါအဝင် ကျန်ပျူရွာများကို မပို့ဆောင်နိုင်ဘဲ သုံးလအကြာ၌ ပြန်လည်ဆုတ်ခွာခဲ့ရသည်။
မြိုင်မြို့နယ်တွင် ကန်နီပျူရွာ၊ သရက်ကန်ပျူရွာ၊ သရက်ကွပျူရွာ၊ တွင်းမပျူရွာနှင့် ဝက်ပုတ်ပျူရွာဟူ၍ ပျူရွာ ငါးရွာရှိသည့်အနက် ကာကွယ်ရေးတပ်ဖွဲ့များက ဝက်ပုတ်ပျူရွာကို ၂၀၂၄ခု၊ဩဂုတ် ရှစ်ရက်တွင်လည်းကောင်း၊ သရက်ကွပျူရွာကို ဒီဇင်ဘာ ၂၁ရက်တွင်လည်းကောင်း သိမ်းပိုက်ရရှိ ထားသည်။