By Ra Wai / MPA
မန္တလေးတိုင်း၊ တောင်သာမြို့ပေါ်ရှိ စစ်တပ်အခြေစိုက်ရာ အထကကျောင်းကို PDF တို့ ဝင်ရောက် စီးနင်းတိုက်ခိုက်ပြီးနောက် မြို့ထဲသို့ ဆိုင်ကယ်ဖြင့် ပတ်ကာ အတင်းကျုံးသည့် ရင်းသုံး(တပ်ရင်းသုံး) ဟု ကြွေးကြော်ခဲ့ကြောင်း သိရသည်။
ဇန်နဝါရီ ၁၃ရက်၊ မွန်းလွဲ၁၂နာရီ၁၅မိနစ်ခန့်တွင် တောင်သာမြို့၊ အထကတစ်စာသင်ကျောင်းရှိ အင်အား ၂၁ဦးရှိသည့် စစ်သားများကို PDFတို့ ဝင်ရောက်စီးနင်းတိုက်ခိုက်ခဲ့ရာ ၁၀ဦးသေဆုံးပြီး သေနတ်တစ်လက်သိမ်းဆည်းရရှိခဲ့ကြောင်း မြင်းခြံခရိုင်အမှတ်သုံး တပ်ရင်းကသတင်း ထုတ်ပြန်သည်။
” ထိတွေ့တိုက်ပွဲက မကြာလိုက်ဘူး၊ ဘယ်လောက်မှ။ ကျတော်တို့ တိုက်တော့တောင်မှ သူတို့မှာ ရယ်ဒီအနေအထားရှိတဲ့ ပုံစံမပေါ်ဘူး ” ဟု ၎င်းက ဆက်လက်ပြောသည်။
ယင်းတိုက်ပွဲတွင် လက်နက်ထားရှိသည့်အဆောင်ကို RPGထိမှန်ပြီး လက်နက်ခဲယမ်းအများအပြားပျက်စီးသွားသဖြင့် MA3တစ်လက်သာ သိမ်းဆည်းရရှိခဲ့ကြောင်း သိရသည်။
” ကျောင်းတက်နေတဲ့ ကလေးတွေအရင်ထုတ်ပြီး RPG နဲ့ Battle စဖွင့်လိုက်တယ်။ Battle စဖွင့်လိုက်တဲ့ အချိန်မှာ RPGနဲ့ ပစ်လိုက်တဲ့ အဆောင်ထဲမှာ ရှိသမျှခဲယမ်းတွေ ရှိတဲ့ကောင်တွေ အကုန်လုံး ဂျက်ကောင်းထိပြီး စုတ်ပြတ်သွားတာ။ ကျည်တွေကလည်း တစ်တောင့်စီ ပြန့်ကြဲသွားတာ။ အလက်(သေနတ်)တွေကလည်း အကုန်စုတ်ပြတ်သွားတာ” ဟု ၎င်းကဆက်လက်ပြောသည်။
အထကတစ်ကျောင်းအတွင်းရှိ စစ်သား ထွက်ပြေးသွားပြီးနောက် ကျောင်းဝင်းအတွင်းရှိ အလံအားဖြုတ်ချကာ မြင်းခြံခရိုင်အမှတ်သုံးတပ်ရင်းအလံ၊ တပ်ခွဲနှစ်အလံတို့ ချိတ်ဆွဲ အလေးပြု၍ မြို့ထဲသို့ ဆိုင်ကယ်ဖြင့်ပတ်ခဲ့ကြောင်းသိရသည်။
ယင်းသို့ ကြွေးကြော်နေစဉ် မြို့တော်ခန်းမှရှေ့၌ ကင်းစောင့်နေသည့် စစ်သားနှစ်ဦး၊ အင်းဝဘဏ်ရှေ့က စစ်သားနှစ်ဦးနှင့် ပျူစောထီးခေါင်းဆောင်သန့်စင်နှင့် မိုးဝင်းတို့၏ ဆိုင်ကယ်ပြင်ဆိုင်၊ တောင်သာမြို့အနောက်ဘက်ဇဂျမ်းဂိတ်နှင့် စွပ်ကျယ်စက်ရုံတို့ကိုလည်း ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း သိရသည်။
ယင်းသို့ တိုက်ခိုက်ခံရပြီးနောက်စစ်တပ်က မြို့ကို ပိတ်ဆို့ကာ အဝင်အထွက် လက်မခံဘဲ ယနေ့ (ဇန်နဝါရီ ၁၄ရက်) မှသာ ဝင်ထွက်ခွင့်ပေးကြောင်း မြင်းခြံခရိုင်အမှတ်သုံးတပ်ရင်းက သတင်းထုတ်ပြန်သည်။
“ မိတ္ထီလာက ဆင်းလာတာရှိတယ်။ လုံခြုံရေးဖြည့်တင်းလိုက်တာရှိတယ်။ အင်းအားကတိုးလိုက်ပြီ။ မြို့အဝင်ရော မြို့အထွက်ရော။ ကျတော်တို့ ဖြစ်ပြီးပြီးချင်းမှာ မြို့ကို ပိတ်ချပစ်လိုက်တာ။ အဝင်လည်း လက်မခံတော့ဘူး။ အထွက်လည်း လက်မခံတော့ဘူး။ အထကမှာ ဖြစ်တဲ့ ဖြစ်စဉ်ကို သူတို့ဘာသာ ရှင်းလင်းပြီးမှသာ မြို့ကိုပြန်ဖွင့်တာ” ဟု မြင်းခြံခရိုင်အမှတ်သုံးတပ်ရင်းမှ တာဝန်ရှိသူတစ်ဦးက MPAသို့ပြောသည်။
စစ်သားများ သေဆုံးမှုကို MPA အနေနှင့် သီးခြားအတည်မပြုနိုင်ပေ။