By Ko Paing/MPA
ပဲခူးတိုင်း၊ အုတ်ဖိုမြို့နယ်တွင် PDF ရဲဘော်၏ဖခင်ကို စစ်ကောင်စီတပ်က လက်ပြန်ကြိုးတုပ်ကာ ရိုက်သတ်သွားကြောင်း သိရသည်။
စစ်ကောင်စီတပ်သည် ဇန်နဝါရီသုံးရက်တွင် အုတ်ဖိုမြို့နယ်၊ဂွေးချောင်းကျေးရွာနေ အမျိုးသမီးနှစ်ဦးနှင့် အမျိုးသားနှစ် ဦးတို့ကို ဖမ်းဆီးသွားပြီးနောက် PDFရဲဘော်၏ ဖခင်အားဇန်နဝါရီ ငါးရက်၊ နံနက်ငါးနာရီဝန်းကျင်၌ ခြောက်တင်းကွင်း ဆက်သွယ်ရေးလမ်း ပေါ်၌ ဝါးကြောနှီးဖြင့် လက်ပြန်ကြိုးတုပ်၍ ရိုက်သတ်ကာ လမ်းဘေးတွင် စွန့်ပစ်သွားကြောင်း ဒေသခံPDFရဲဘော်တစ်ဦးထံက သိရသည်။
“သူတို့အကုန်လုံးကို စရဖ နဲ့ မြို့နယ်မှူးက ဖမ်းတာ။ဖမ်းနေတာကို သေတဲ့ သူက အဝေးက လှမ်းကြည့်နေတာကို ပြေးဖမ်းတာ။သူတို့ကို ဖမ်းတာ ၁၅ ယောက်လောက်ရှိမယ်။ အရပ်ဝတ်တွေနဲ့ဖမ်းတာ။ကျတော်တို့ ရဲဘော်ရဲ့ အဖေကိုကျတော့ ဓာတ်ပုံနဲ့တိုက်စစ်တော့ သိသွားတာနဲ့ သတ်ပစ်လိုက်တဲ့သဘောပါ”ဟုသာယာဝတီခရိုင် အမှတ် တစ်တပ်ရင်း၊တပ်ခွဲငါး မှ ရဲဘော်တစ်ဦး ကပြောသည်။
ရိုက်သတ်ခံရသူသည် သာယာဝတီခရိုင် အမှတ် တစ်တပ် ရင်း၊ တပ်ခွဲငါးမှ PDF ရဲဘော်တစ်ဦး၏ ဖခင်ဖြစ်ကြောင်း သိရသည်။
“ကွေ့ကြီးချောင်းရွာက ရာအိမ်မှူးရင်မောင် က စရဖ ကို သတင်းပေးပြီးဖမ်းခိုင်းတာလို့ ကျတော်သိ ထား ပါတယ်”ဟု အုတ်ဖိုမြို့ခံတစ်ဦး ကပြောသည်။
ဖမ်းဆီးခံရသည့် ကျန်အမျိုးသမီးနှစ်ဦးနှင့် အမျိုးသားတစ်ဦးတို့ကို အုတ်ဖိုမြို့မရဲစခန်းတွင်ချုပ်နှောင်ထားပြီး ယနေ့(ဇန်နဝါရီခြောက်ရက်)နံနက်ပိုင်းအထိ မလွတ်သေး ကြောင်း သိရသည်။