By Hlaing / MPA
မန္တလေးတိုင်း၊ မြင်းခြံခရိုင်၊ နွားထိုးကြီးမြို့နယ်အတွင်း တော်လှန်ရေးတပ်ဖွဲ့များ အသုံးပြုသည့် လမ်းများကို စစ်ကောင်စီတပ်က လေကြောင်းအသုံးပြု၍ ဗုံးကြဲတိုက်ခိုက်မှုများပြုလုပ်နေသဖြင့် ဒေသခံများ နေရပ်စွန့်ခွာနေရကြောင်း စုံစမ်းသိရှိရသည်။
လက်ရှိ နွားထိုးကြီးမြို့နယ်အတွင်း တော်လှန်ရေးတပ်ဖွဲ့များ အသုံးပြုနေသည့် ရွာကြီး၊ ရွာသစ်၊ ကန်နှောင်း၊ လုံးတော၊ သမန်းတောကျေးရွာချင်းဆက် လမ်းပိုင်းကို ၂၀၂၄ခုနှစ်၊ ဒီဇင်ဘာ လကုန်ပိုင်းမှ စတင်ကာ စစ်ကောင်စီက လေကြောင်းအသုံးပြုတိုက်ခိုက်နေခြင်းဖြစ်သည်။
“ ကျမတိုရွာက ရွေးကောက်ပွဲကာလကတည်းက အနီနဲ့ အစိမ်းဆိုပြီး နှစ်ခြမ်းကွဲနေတာလေ? ရွာအနောက်ဘက်လမ်းပေါ် PDFတွေ သွားနေတာ မြင်ရကြားကြတော့ စစ်တပ်ကို ခေါ်ကြတယ်။ စစ်တပ်က လေယာဥ်နဲ့ ဗုံးလာကြဲလို့ တစ်ယောက်သေတယ်/ တစ်ယောက်က မန္တလေးဆေးရုံကြီးမှာ tခုထိ ဆေးကုနေရတယ်” ဟု နွားထိုးကြီးမြို့နယ်၊ ကန်နှောင်းကျေးရွာ၌ နေထိုင်သည့် အမျိုးသမီးတစ်ဦးက MPA သို့ ပြောသည်။
ထိုကဲ့သို့ စစ်ကောင်စီ လေကြောင်းတိုက်ခိုက်မှုကြောင့် နေရပ်စွန့်ခွာလာရသည့် ပြည်သူများသည် မြင်းခြံ၊ တောင်သာ၊ မိတ္ထီလာ၊ ပုဂံ၊ ကျောက်ပန်းတောင်း၊ ပုပ္ပါးနှင့် မန္တလေးမြို့ရှိ ဆွေမျိုးများ၏ နေအိမ်များနှင့် ဘာသာရေးအဆောက်အဦများတွင် တိမ်းရှောင်နေရကြောင်း သိရသည်။
“ ကျတော်ဆို နွားထိုးကြီးမှာလည်း မနေရဲဘူး။ ရောဂါလည်းကုရမှာနဲ့ဆိုတော့ မြင်းခြံမှာဘဲ ဆေးကုရင်း နေလိုက်တာ၊ ဒီအသက်အရွယ်မှလည်း မပြေးနိုင်တော့ပါဘူး” ဟု နေရပ်စွန့်ခွာလာသည့် အသက် ၆၀အရွယ် အမျိုးသားတစ်ဦးက ဆိုသည်။
ထို့ပြင် ၂၀၂၃ ခုနှစ်မှစ၍ ရန်ကုန် – မန္တလေးအမြန်လမ်းပေါ်ရှိ ပြင်စီကျေးရွာနှင့် နွားထိုးကြီး – မြင်းခြံလမ်းရှိ စစ်ကောင်စီတပ်ဖွဲ့ဝင်များကို ဒေသခံတော်လှန်ရေးတပ်ဖွဲ့များက မိုင်းဆွဲတိုက်ခိုက်ခြင်း၊ ဒရုန်းဖြင့် ဗုံးသီးများကြဲချခြင်း၊ နှစ်ဖက် အပြန်အလှန်တိုက်ပွဲများ ဖြစ်ပွားခြင်းတို့ကြောင့် အထိနာနေသည့် စစ်ကောင်စီတပ်က နွားထိုးကြီးမြို့နယ်တစ်ဝိုက်ကို ဗုံးကြဲတိုက်ခိုက်နေခြင်းဖြစ်ကြောင်း အသက် ၄၀အရွယ်ရှိ အမျိုးသားတစ်ဦးက ပြောသည်။
“ အမြန်လမ်းက နွားထိုးကြီး အရှေ့ပိုင်းမှာရှိတာ၊ အရှေ့ပိုင်းကရွာတွေကိုလည်း PDF ရှိမယ်အထင်နဲ့ ကြဲတယ်။အနောက်ပိုင်းက ရွာတွေကလည်း မြင်းခြံနဲ့နီးလို့ ကြဲတယ်။ ၂၆ ရက်နေ့ကလည်း မြိုင်သာရွာဘက်ကို ပေါင် ၅၀၀ နဲ့ ကြဲတယ်” ဟု ၄င်းက ဆိုသည်။
နွားထိုးကြီး ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့မှလည်း နွားထိုးကြီးမြို့နှင့် ထိစပ်နေသော လမ်းပိုင်းများဖြစ်သည့် နွားထိုးကြီး – မြင်းခြံ၊ နွားထိုးကြီး – မြို့သာ၊ နွားထိုးကြီး – ပြင်စီ၊ နွားထိုးကြီး – တောင်သာ၊ နွားထိုးကြီး – တံတားဦး၊ နွားထိုးကြီး – မလှိုင်လမ်းများအား ည ရှစ် နာရီမှ နံနက် ခြောက်နာရီအထိ ဖြတ်သန်းသွားလာခွင့် မပြုကြောင်း ၂၀၂၄ ခုနှစ်၊ ဒီဇင်ဘာ ၂၄ ရက်တွင် ထုတ်ပြန်ထားသည်။
စစ်ကောင်စီနှင့် သီတာယုမွန်ဦးစီးသည့် ပျူစောထီးများ အားကောင်းသည့် မြင်းခြံမြို့နှင့် မိုင် ၂၀ ခန့်သာ ကွာဝေးသည့် နွားထိုးကြီးမြို့သည် ဒေသခံ တော်လှန်ရေးတပ်ဖွဲ့များ အင်အားကောင်းရာ မြို့နယ်တစ်ခုလည်း ဖြစ်သည်။
ပြီးခဲ့သည့် ၂၀၂၄ ခုနှစ်၊ သြဂုတ် ၁၀ ရက်တွင် မြင်းခြံခရိုင် အထူးစစ်ဆင်ရေး – Myingyan District Special Operation (MDSO) အဖြစ် နွားထိုးကြီး၊ မြင်းခြံနှင့် တောင်သာမြို့နယ်တို့တွင် စစ်ကောင်စီနှင့် ဒေသခံတော်လှန်ရေးတပ်ဖွဲ့များကြား တိုက်ပွဲများ ပြင်းထန်စွာ ဖြစ်ပွားခဲ့သေးသည်။