By Ra Wai / MPA
မကွေးတိုင်း၊ ငဖဲမြို့နယ်၊ အမ်း-ပဒါန်းလမ်းပိုင်းတွင် စစ်ကောင်စီရိက္ခာကားများကို PDFတပ်ဖွဲ့က ခြုံခိုတိုက်ခိုက်ခဲ့ရာ ကိုးဦးသေဆုံးခဲ့ကြောင်းသိရသည်။
ဒီဇင်ဘာ လေးရက်၊မွန်းလွဲ တစ်နာရီခန့်တွင် ငဖဲမြို့နယ်၊ အမ်း-ပဒါန်းလမ်းပိုင်းပေါ်ရှိ စွန်တက်ရွာနှင့် လင်းတဲရွာကြား၌ ပဒါန်းမှ အမ်းသို့ ဦးတည်ပြီးသွားသည့် စစ်သားအင်အား ၅၀ခန့် ပါသည့် ရိက္ခာကား သုံးစီးကို မိုင်းခြောက်လုံးဖြင့် ဖောက်ခွဲတိုက်ခိုက်ခဲ့ရာ ထိတွေ့တိုက်ပွဲ ၁၀မိနစ်ခန့်ဖြစ်ပွားခဲ့ကြောင်း People’s Revolution Alliance (PRA-Magway) အဖွဲ့က သတင်းထုတ်ပြန်သည်။
“ ကားမှာတော့ လုံခြုံရေးတွေရောပါတယ်။ ရိက္ခာတွေရောပါတယ်။ နှစ်စီးက မိုင်းကွင်းထဲဝင်လာလို့ မိုင်းဆွဲတိုက်ခိုက်ခဲ့တယ်။ မိုင်းဆွဲတိုက်ခိုက်မှုအပြီးမှာတော့ ကားတွေက ရှေ့ဆက်မသွားတော့ဘဲ ရပ်သွားတဲ့အနေအထားမှာ အပြန်အလှန်ပစ်ခတ်မှုဖြစ်ပွားခဲ့တယ်” ဟု People’s Revolution Alliance (PRA-Magway)အဖွဲ့မှ စစ်ဦးစီးချုပ် ကိုနောင်သူရိန်က MPAသို့ပြောသည်။
တိုက်ခိုက်မှုအတွင်း စစ်သားကိုးဦး သေဆုံးကြောင်း မျက်မြင်တွေ့ရှိခဲ့ပြီး ကားနှစ်စီးလည်း ပျက်စီးခဲ့ကာ ရှေ့ဆက်တိုးခြင်းမရှိသေးကြောင်း သိရသည်။
“ မျက်မြင်ကိုးဦးရှိခဲ့တယ်။ ကျနော်တို့ မမြင်ရတဲ့နေရာမျိုးတွေမှာလည်း ထပ်ပြီးတော့ သေနိုင်သေးတယ်။ ကားတွေက ရှေ့ဆက်ထွက်တာလည်းမတွေ့ရသေးဘူး။ အဲ့နားဝန်ကျင်မှာပဲ ရှိနေသေးတယ်လို့ပြောလို့ရတယ်” ဟု ၎င်းက ဆက်လက်ပြောသည်။
အမ်း-ပဒါန်းလမ်းပိုင်းသည် စစ်ရေးအရ မဟာဗျူဟာကျပြီး စစ်ကောင်စီ၏အရှိုက်ကို ထိုးနှက်နိုင်မည်ဖြစ်ကြောင်း ဆိုသည်။
” ဒီလမ်းကြောင်းကနေတဆင့် စစ်ကောင်စီရဲ့ အရှိုက်ကိုထိုးနှက်နိုင်မယ့် အနေအထားမျိုးရှိတယ် ပေါ့နော်။ ဘာလို့လဲဆိုတော့ စစ်ကောင်စီရဲ့ ကပစစက်ရုံတွေအများဆုံးတည်ရှိတဲ့ ဧရာဝတီမြစ် အနောက်ဘက်ကမ်းဒေသကို ထိုးဖောက်ဖို့အတွက်ဆို ဒီလမ်းက အခရာကျတဲ့လမ်း လို့ပြောလို့ရ တယ်ဗျ” ဟု ၎င်းကဆက်လက်ပြောသည်။
နိုဝင်ဘာ ၂၃ရက်ကလည်း ငဖဲမြို့နယ်၊ ဘုံတောရွာသို့ စစ်ကြောင်းထိုးလာသည့်တပ်ကို PDFပူးပေါင်းတပ်များက တိုက်ခိုက်ခဲ့ရာ စစ်သား ၁၄ဦးသေဆုံးပြီး PDFရဲဘော်တစ်ဦး ဒဏ်ရာရရှိခဲ့ကြောင်းသိရသည်။
အနောက်ပိုင်းတိုင်းစစ်ဌာနချုပ် (နပခ အမ်း) မှ စစ်ရှုံး၍ ထွက်ပြေးလာသည့် တပ်ပြေးများကိုလည်း People’s Revolution Alliance (PRA-Magway) အဖွဲ့က ကင်းပုန်းချပိတ်ဆို့ဖမ်းဆီးမှုများ ပြုလုပ်လျက်ရှိပြီး ထိတွေ့တိုက်ပွဲလည်း မကြာခဏ ဖြစ်ပွားလျက်ရှိကြောင်းသိရသည်။
နိုဝင်ဘာနှင့် ဒီဇင်ဘာ ပထမအပတ်အတွင်း စစ်သားအင်အား ၅၀နီးပါးကို ချေမှုန်းနိုင်ခဲ့ပြီး လက်နက်ငယ် ရှစ်လက်၊ ခဲယမ်းနှင့် စစ်အသုံးဆောင်ပစ္စည်းများကို သိမ်းဆည်းရရှိခဲ့ကြောင်း People’s Revolution Alliance (PRA – Magway)က ထုတ်ပြန်ထားသည်။
စစ်သားများ ထိခိုက်၊ သေဆုံးမှုကို MPAအနေနှင့် သီးခြားအတည်မပြုနိုင်ပေ။







