By Garcia Ni / MPA
မကွေးတိုင်း၊ ယောဒေသအခြေစိုက် Local PDFတပ်ဖွဲ့တစ်ခုဖြစ်သော ယောကာကွယ်ရေးတပ်(YDF)တွင် တပ်တွင်းရဲဘော်အချင်းချင်းဖမ်းဆီးမှုများကြောင့် YDFကိုထောက်ခံသူများနှင့် ထောက်ပို့ပြည်သူများက ယနေ့(နိုဝင်ဘာ၂၄)တွင် ဆန္ဒပြခဲ့ကြသည်။
ယောကာကွယ်ရေးတပ်(YDF)၏ စစ်ဒေသမှူးကိုကောင်းကောင်း၊ စစ်ကြောင်းမှူးကိုစိုင်းဇော်ဝင်းနှင့် ဒုစစ်ကြောင်းမှူးကိုသားတုံးတို့ကို ၂၀၂၄ခု၊ နိုဝင်ဘာ၁၅ရက်(တန်ဆောင်မုန်းလပြည့်) ညနေပိုင်းတွင် ထီးလင်းမြို့နယ်တစ်နေရာ၌ လာရောက်ဖမ်းဆီးသွားခြင်းဖြစ်ပြီး မိသားစုဝင်များအနေဖြင့် မည့်သည့်အတွက်ဖမ်းဆီးခြင်းဖြစ်သည်ကိုမူ မသိရှိရကြောင်းပြောဆိုသည်။
ထိုသို့ ရဲဘော်အချင်းချင်းဖမ်းဆီးသွားခြင်းအပေါ် ခိုင်လုံသည့်အကြောင်းပြချက်ပေးရန်၊ ဖမ်းဆီးခံရဲဘော်များ၏ မိဘများကို YDFစစ်ဦးစီးချုပ်မှ တွေ့ဆုံဖြေရှင်းပေးရန်နှင့် အချင်းချင်းစည်းလုံးညီညွတ်ရေးအတွက် ယခုလိုဆန္ဒပြခြင်းဖြစ်ကြောင်း ဆန္ဒပြသူများကMPAကိုပြောသည်။
“ ကျမတို့ကဆန္ဒပြတယ်၊ ပါဝင်တယ်ဆိုတာကတော့ ကျမတို့က YDFကိုချစ်လည်းချစ်တယ်။ တန်ဖိုးလည်းထားတယ်လေ၊ အခုသူတို့အချင်းချင်းတွေ အဲ့လိုမျိုးတွေဖြစ်တယ်လို့ ကိုယ်ကကြားရတဲ့အခါကျတော့၊ ရဲဘော်တွေကိုလည်း မြန်မာလူမျိုးတွေ ပျော်ပွဲရွှင်ပွဲလုပ်နေတဲ့အချိန်မှာမှ အဓမ္မ၊ အကြမ်းစီးပြီး ဖမ်းဆီးသွားတယ်လို့လည်းကြားတယ်။ ကိုယ်ချစ်တဲ့အဖွဲ့အစည်းက၊ ကိုယ်မြတ်နိုးတဲ့အဖွဲ့အစည်းက၊ ယုံကြည်အားကိုးတဲ့အဖွဲ့အစည်းက ဒီလိုမျိုးဆိုတော့ ကျမတို့အနေနဲ့ စိတ်လည်းမကောင်းဘူး၊ ဝမ်းလည်းနည်းတယ်။ ဒီလိုမျိုးတွေမဖြစ်သင့်ဘူးလို့လည်း ယုံကြည်တာပေါ့လေ” YDFထောက်ပို့ပြည်သူတစ်ဦးဖြစ်သည့် မကြီးက ဆိုသည်။
ယခုအချိန်သည် ရဲဘော်အချင်းချင်း စည်းလုံးညီညွတ်ရမည့်အချိန်ဖြစ်ပြီး YDFကိုအားပေးထောက်ခံသည့် ပြည်သူများအနေဖြင့် တော်လှန်ရေးမအောင်မြင်မီ တပ်ဖွဲ့တစ်စုံတစ်ရာထိခိုက်နစ်နာသွားမည်ကို မလိုလားကြောင်းနှင့် ရဲဘော်အချင်းချင်း ဆွေးနွေးတိုင်ပင်၍ အဖြေရှာကြရန်လိုအပ်ကြောင်း ၎င်းကဆက်လက်ပြောသည်။
“ အခုဖြစ်တဲ့ Case(အခြေအနေ)မှာဆိုရင် သူများသိမှာကိုလည်း တအားကြောက်တယ်။ ကိုယ့်ရဲ့အဖွဲ့အစည်း အမည်ပျက်မှာစိုးလို့၊ ပြီးတော့ ကဲ့ရဲ့မှာတွေကအများကြီး၊ ကိုယ့်ပြည်သူတွေတင်မကဘူး စစ်ကောင်စီကပါအကုန်လုံး ဒီသတင်းကိုပေါက်ကြားသွားလို့ရှိရင် လက်ခုပ်လက်ဝါးတီးနေကြမှာ၊ အဲ့ဒါဆိုတော့ မကြီးတို့အားကိုးတဲ့သူက တန်ဖိုးထားတဲ့သူက ဒီလိုလုပ်ရပ်တွေကိုလုပ်နေတယ်ဖြစ်နေတယ်ဆိုတော့ သူတို့ရဲ့လုပ်ရပ်တွေကို ပြုပြင်ပြောင်းလဲပြီးတော့ အကောင်းဆုံးမြင့်မြတ်တဲ့ ယောင်္ကျားကောင်း မြင့်မြတ်တဲ့လူသားလုပ်ပါလို့ တောင်းဆိုချင်ပါတယ်” ဟု မကြီးကဆက်လက်တောင်းဆိုထားသည်။
လက်ရှိတော်လှန်ရေးတွင် ပြည်သူများအနေဖြင့် ရဲဘော်များကျဆုံးမှုနှင့် အစစအရာရာ ပေးဆပ်မှုများပြားခဲ့ပြီဖြစ်ပြီး ရဲဘော်အချင်းချင်းစည်းလုံးညီညွတ်မှုမရှိပါက ပိုမိုစိတ်မကောင်းဖြစ်ကြရကြောင်း ဆန္ဒပြမှုတွင်ပါဝင်သည့် အမျိုးသားတစ်ဦးက MPAကိုပြောသည်။
” တော်လှန်ရေးရဲဘော်အချင်းချင်းတွေ ကိုယ်ပေးဆပ်ထားရတဲ့အနေအထားတွေ များပြားတဲ့အခါကျတော့ မိမိတို့အနေနဲ့ မိမိတို့ရဲ့ရည်ရွယ်ချက် မိမိတို့ရဲ့ပန်းတိုင်ဟာဘာလဲဆိုတာကို ဂဃနဏသေသေချာချာစိစစ်သုံးသပ်ပြီးခါမှ လက်တွဲညီညီနဲ့လုပ်ကိုင်ဆောင်ရွက်ကြဖို့ ကျတော့်အနေနဲ့ပြောကြားတိုက်တွန်းချင်ပါတယ် “ ဟု ၎င်းကဆိုသည်။
YDFစစ်ဒေသမှူးကိုကောင်းကောင်းသည် ၎င်းဖမ်းဆီးခြင်းမခံရမီအချိန်က ထီးလင်းမြို့နယ်တစ်နေရာတွင် စားသောက်ဆိုင်ဖွင့်လှစ်ရောင်းချနေသူဖြစ်ပြီး ယင်းစားသောက်ဆိုင်အတွင်းမှာပင် ဝိုင်းဝန်းပိတ်ဆို့ဖမ်းဆီးခံလိုက်ရခြင်းဖြစ်ကြောင်းသိရသည်။
” ကျတော်ကအဲ့နေ့က ပျော်ပွဲဘာညာရှိတယ်ဆိုတော့ အဲ့မှာကရင်းနှီးတဲ့လူတွေနဲ့ ခေါ်တော့ရောက်သွားတယ်။ ကျတော်ရောက်သွားပြီးလို့ ၁၀ မိနစ်၊ ၁၅ မိနစ်လောက်ပဲရှိဦးမှာဗျ။ မီးမှိတ်သွားတယ်။ မီးမှိတ်ပြီးမကြာဘူးဗျ ငါးမိနစ်လောက်ပဲရှိမှာ သူတို့ကတစ်ခါတည်းဝင်လာခဲ့တယ်။ ဝင်လာခဲ့ပြီးမှ သူတို့က သေနတ်တွေတစ်ခါတည်းမောင်းတင်ပြီးမှ အကြမ်းဖက်ပုံစံမျိုးလုပ်သွားတယ် “ ဟု ကိုကောင်းကောင်းတို့ဖမ်းဆီးခံရမှုဖြစ်စဥ်အား မျက်မြင်ကြုံတွေ့ခဲ့ရသူတစ်ဦးက ပြောသည်။
ဖမ်းဆီးခံရစဥ် YDFတပ်ဖွဲ့ဝင်များ၏ဖုန်းများအပြင် ပြည်သူများထံမှလည်း ဖုန်း ရှစ်လုံးနှင့် ငွေသားသိန်း၁၅၀ခန့်ကိုလည်း သိမ်းဆည်းယူဆောင်သွားကြကြောင်း ၎င်းကဆက်ပြောသည်။
ယင်းအပြင် ကိုကောင်းကောင်းတို့ဖမ်းဆီးခြင်းမခံရမီ ရက်ပိုင်းအတွင်းကလည်း YDFတပ်ဖွဲ့မှ စစ်ထောက်လှမ်းရေးမှူးကိုခိုင်ခန့်ကျော်၊ ရဲဘော်ကိုကိုမင်း၊ ရဲဘော်ပြည့်ဖြိုးအောင်၊ ရဲဘော်သန့်ဇင်နှင့် ရဲဘော်မျိုးအောင်တို့ ဖမ်းဆီးခံရမှုရှိခဲ့ပြီး စုစုပေါင်းဖမ်းဆီးခံရသူ ၂၀ ဝန်းကျင်ရှိပြီဖြစ်ကြောင်း တပ်တွင်းသတင်းရင်းမြစ်များထံက စုံစမ်းသိရှိရသည်။





