By Htet Soe Lin / MPA
တောင်ပိုင်းစစ်ဒေသနယ်မြေရှိ တိုက်ပွဲဖြစ်ပွားခြင်းမရှိသည့်နေရာများကို စစ်ကောင်စီတပ်က တစ်ပတ်အတွင်း ဒရုန်းဖြင့် ဗုံးအလုံး၁၀၀ကျော် ကြဲချတိုက်ခိုက်ခဲ့ကြောင်း သိရသည်။
စစ်တပ်သည် ပြည်သူများနေထိုင်ရာကျေးရွာများကို နေ့စဉ် မီးရှို့ဖျက်ဆီးနေပြီး တိုက်ပွဲဖြစ်ပွားခြင်း မရှိသည့်နေရာများကိုပါ လက်နက်ကြီးဖြင့် ပစ်ခတ်ခြင်းနှင့် ဒရုန်းဗုံးကြဲခြင်းတို့ ပြုလုပ်နေကြောင်း တောင်ပိုင်းစစ်ဒေသက ယနေ့(နိုဝင်ဘာ၂၄ရက်)သတင်းထုတ်ပြန်သည်။
“စစ်တပ်က အခုနောက်ပိုင်း ဒရုန်းကို အားပြုသုံးလာသလို သူတို့ရဲ့ ဒရုန်းနဲ့ ဂျန်ဘာတွေကိုပါ အဆင့် မြှင့်တင်လာတာ တွေ့ရတယ်။အခုဆိုရင် စစ်တပ်စခန်းတချို့မှာ ကျတော်တို့ PDF ဒရုန်းတွေ ကပ်လို့ မရတာမျိုးတွေ ဖြစ်လာတယ်။စစ်တပ်က ရှေ့ဆက်ပြီးတော့ သူတို့ဒရုန်းကို ပိုအားကောင်းအောင်လုပ် ပြီးသုံးလာနိုင်တယ်” ဟု ကေအဲန်ယူ၊တပ်မဟာခြောက်နယ်မြေအတွင်းရှိ နိုင်ငံရေးဆောင်းပါးရှင်ဆရာ နောင်ဘိုက MPAသို့ ပြောသည်။
ထို့ကြောင့် တော်လှန်ရေးအင်အားစုများအနေနှင့် ရန်သူဒရုန်းရန်ကာကွယ်နိုင်ရေးနှင့် မိမိတို့ဒရုန်းနှင့် ဂျန်ဘာ အဆင့်မြှင့်တင်ရေးကိစ္စ ကို အရေးတကြီးသုံးသပ်လုပ်ဆောင်ရန် လိုအပ်ပြီဖြစ်ကြောင်းလည်း ၎င်းက ဆိုသည်။
စစ်ကောင်စီတပ်သည် ရည်ရွယ်ချက်ရှိစွာဖြင့် ပြည်သူများနေထိုင်ရာကျေးရွာများအတွင်းသို့ လက်နက်ကြီးနှင့် ဒရုန်းများဖြင့် တိုက်ခိုက်နေခြင်းကြောင့် တစ်ပတ်အတွင်း ဒဏ်ရာရရှိသူ ၂၈ ဦးရှိပြီး အကြောင်းမဲ့ဖမ်းဆီးခံရသူ ၅၁ဦး ရှိပြီဖြစ်ကြောင်း ဖမ်းဆီးခံရသူ အချို့ကို ပါလာသည့်ပစ္စည်းများအား သိမ်းဆည်း၍ ခြိမ်းခြောက်ငွေညှစ်ကာ ပြန်လွှတ်ပေးလိုက်သော်လည်း အများစုမှာ ပြန်မလွတ်သေးဘဲ အဓမ္မစစ်မှုထမ်းခိုင်းရန် ရည်ရွယ်နေကြောင်းတောင်ပိုင်းစစ်ဒေသက ထုတ်ပြန်သည်။
တောင်ပိုင်းစစ်ဒေသတွင် ရရှိထားသော အချက်အလက်များအရ ဖြူးမြို့နယ်၊လိပ်ပေါရွာ၌ စစ်ကောင်စီတပ်ထောင်ထားခဲ့သော မြေမြှုပ်မိုင်းနင်းမိသဖြင့် အသက်ဆုံးရှုံးခဲ့သော ပြည်သူတဦး အပါအဝင် စစ်တပ်၏အကြမ်းဖက်လုပ်ရပ်များကြောင့် တစ်ပတ်အတွင်း အပြစ်မဲ့အရပ်သားပြည်သူ ရှစ်ဦး သေဆုံးခဲ့ကြောင်းလည်း သိရသည်။
တောင်ပိုင်းစစ်ဒေသနယ်မြေတွင် တနင်္သာရီ၊မွန်၊ကရင်နှင့်ပဲခူးဒေသတို့ ပါဝင်သည်။