By Ra Wai / MPA
မန္တလေးတိုင်း၊ ငါန်းဇွန်မြို့နယ်၊ မင်းနေကုန်းရဲစခန်းအတွင်းသို့ PDF ပစ်ခတ်လိုက်သည့် လက်နက်ကြီး ကျရောက်ပေါက်ကွဲခဲ့ရာ စစ်သား လေးဦးသေဆုံးပြီး သုံးဦး ဒဏ်ရာရရှိခဲ့ကြောင်းသိရသည်။
နိုဝင်ဘာ တစ်ရက်၊ နေ့ခင်း ၁၁နာရီခန့်တွင် စစ်သားအင်အား ၃၀ဝန်းကျင်ရှိ မင်းနေကုန်းရဲစခန်းကို ၈၀(မမ)လက်နက်ကြီးနှစ်လုံး ပစ်ခတ်တိုက်ခိုက်ခဲ့ရာ ရဲစခန်းအတွင်းသို့ ကျရောက်ပေါက်ကွဲခဲ့ကြောင်း မြင်းခြံခရိုင်အမှတ်ခုနှစ်တပ်ရင်းထံက သိရသည်။
” ရဲစခန်းအဆောက်အအုံပေါ် တည့်တည့်ကျတာ။ တစ်လုံးက တည့်တည့်ကျတာ။ တစ်လုံးက အဆောက်အအုံရဲ့ ထောင့်စွန်းနေရာမျိုးကျတာ” ဟု မြင်းခြံခရိုင်အမှတ်ခုနှစ်တပ်ရင်းမှ ဒုတပ်ရင်းမှူးက MPAသို့ပြောသည်။
ယင်းတိုက်ခိုက်မှုကြောင့် စစ်သားများ သေဆုံး၊ဒဏ်ရာရမှုကိုသာ အတည်ပြုနိုင်ပြီး နောက်ဆက်တွဲအသေးစိတ်ကိုမူ မသိရှိရသေးပေ။
ယင်းတိုက်ခိုက်မှုအပြီးတွင် စစ်ကောင်စီတပ်ဘက်က လက်နက်ငယ်များဖြင့် ပြန်လည်ပစ်ခတ်ခဲ့သော် လည်း PDFရဲဘော်များအထိအခိုက်မရှိ ပြန်လည်ဆုတ်ခွာနိုင်ခဲ့ကြောင်းသိရသည်။
ယနေ့ (အောက်တိုဘာနှစ်ရက်)တွင်လည်း မင်းနေကုန်းရဲစခန်းကို လက်နက်ကြီးဖြင့် ထပ်မံပစ်ခတ်ခဲ့ပြီး ထိခိုက်သေဆုံးမှုကို မသိရှိရသေးကြောင်း ၎င်းကပြောသည်။
ပြီးခဲ့သည့် အောက်တိုဘာ ငါးရက်ကလည်း မင်းနေကုန်းရဲစခန်းကို လက်နက်ကြီးနှင့် ဒရုန်းတို့ဖြင့် တိုက်ခိုက်ခဲ့ရာ သုံးဦး ဒဏ်ရာရရှိခဲ့ကြောင်းသိရသည်။
စစ်သားများ ထိခိုက်၊ သေဆုံးမှုကို MPA အနေနှင့် သီးခြားအတည်မပြုနိုင်ပေ။