By Nway / MPA
မကွေးတိုင်း၊ မြိုင်မြို့နယ်အတွင်း စစ်ကောင်စီတပ်၏ လေကြောင်းတိုက်ခိုက်မှုကြောင့် PDF ရဲဘော်နှစ်ဦးနှင့် စစ်ရှောင်ပြည်သူသုံးဦးဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။
ယနေ့ ( နိုဝင်ဘာနှစ်ရက် ) နံနက် ၁၀နာရီခန့်တွင် မြိုင်မြို့နယ်၊ ကန်နီပျူစောထီးရွာအနီးတစ်ဝိုက်ကို Mi 35 ရဟတ်ယာဉ်ပေါ်မှ ရော့ကက်နှင့် လက်နက်ငယ်များဖြင့် ၁၂မိနစ်ခန့်ကြာ အကြောင်းမဲ့ပစ်ခတ် ခဲ့ကြောင်း မြိုင်ပကဖထံက သိရသည်။
“ ကန်နီပျူရွာနားမှာ မကြီးလေးပင်ဆိုတဲ့ရွာရှိပါတယ်။ ရွာထဲကို ဝင်မွှေ၊ ပြည်သူတွေကို ခဏခဏ ဝင်ဖမ်းလို့ မနေရဲတော့ဘဲ ပျုရွာနဲ့ဝေးတဲ့ တောထဲမှာ ထွက်ပြေးနေကြတာပါ။ ခု အဲဒီစစ်ရှောင်ပြည်သူတွေ နေတဲ့နေရာနားကို ပစ်သွားတာပါ။ ရဲဘော်တစ်ဦးကတော့ စိုးရိမ်ရတဲ့အခြေအနေမှာရှိပါတယ် ” ဟု မြိုင်ပကဖမှ တာဝန်ရှိသူတစ်ဦးက MPA ကို ပြောသည်။
ထို့ပြင် အောက်တိုဘာ ၃၁ရက်မှစ၍ ပခုက္ကူမြို့ တပ်မ ၁၀၁ မှ အင်အား ၅၀ခန့်ဖြင့် ထွက်လာသော စစ်ကောင်စီစစ်ကြောင်းသည် ယနေ့နံနက်ပိုင်းတွင် မြိုင်မြို့နယ်၊ ကင်းရွာမှ ပြည်သူ သုံးဦးကို ဖမ်းဆီးသွားကြောင်း သိရသည်။
“ ပြည်သူ သုံးဦးကိုက ဒီနေ့ မနက်က ဖမ်းသွားတယ်လို့သိရတယ်။ ပြီးတော့ ပခုက္ကူနယ်ထဲက အရှေ့ချောက်ကန်ရွာ ဘုန်းကြီးကျောင်းကို ပြန်ခေါက်သွားပြီ” ဟု ၎င်းက ဆက်လက်ပြောသည်။
ယင်းစစ်ကြောင်းသည် ပခုက္ကူတပ်မ ၁၀၁ အတွက် ကာကင်းပုံစံဖြင့် ပခုက္ကူ – မြိုင်နယ်အစပ်ရှိ ကျေးရွာများကို နယ်မြေရှင်းလင်းရေး ဝင်ရောက်နေခြင်းဖြစ်ကြောင်း သိရသည်။