By Ra Wai / MPA
မကွေးတိုင်း၊ ရေစကြိုမြို့နယ်တွင် စစ်ကြောင်းထိုးလာသောတပ်ကို PDFတို့ စောင့်တိုက်ခဲ့ရာ တစ်ဦးသေဆုံးနိုင်ကြောင်းသိရသည်။
ယနေ့ (နိုဝင်ဘာ တစ်ရက်) နံနက် ခုနှစ်နာရီခန့်တွင် မြိုင်မြို့နယ်၊ လင်းကတောရဲစခန်းမှ ထွက်လာ သည့် အင်အား ၇၀ ဝန်းကျင်ပါစစ်ကောင်စီစစ်ကြောင်းကို ရေစကြိုမြို့နယ်၊ နီပဆေးတောရွာအနီး၌ PDFရဲဘော်များက အသင့်စောင့်ကြိုတိုက်ခိုက်ခဲ့ကြောင်း ရေစကြိုမြို့နယ်ပကဖက သတင်းထုတ်ပြန်သည်။
“ နီပဆေးတောက လင်းကတောနဲ့ အနီးဆုံးဆိုတော့ ကျတော်တို့က ကင်းသမားတွေချထားတယ်။ ဒီကောင်တွေရဲ့ ရှေ့ပြေးကင်းကို တွေ့တော့ အရင်ဆုံးပစ်ခတ်တိုက်ခိုက်တာ တစ်ယောက်လဲကျပြီး ဆွဲခေါ်သွားတာတွေ့ရတယ်” ဟု ရေစကြိုမြို့နယ်ပကဖ၊ သတင်းပြန်ကြားတာဝန်ခံက MPAသို့ပြောသည်။
ယင်းတိုက်ခိုက်မှုတွင် စစ်ကောင်စီတပ်ဘက်က အင်အားများပြားသဖြင့် ကင်းရဲဘော်များ နောက်သို့ ပြန်ဆုတ်ပေးခဲ့ရကြောင်း သိရသည်။
“ ပြန်ပစ်တယ်ဗျ။ လက်နက်ကြီး၊ လက်နက်ငယ်နဲ့ပြန်ပစ်တဲ့အချိန်မှာ ရဲဘော်တွေ နောက်ဆုတ်လိုက်ရတယ်။ ကျတော်တို့က ကင်းသမားဆို လေး၊ငါးယောက်လောက်ပဲ ထားတာမို့ပါ” ဟု ၎င်းက ဆက်လက်ပြောသည်။
ယင်းစစ်ကြောင်းသည် နံနက် ကိုးနာရီခန့်တွင် နီပဆေးတောကျေးရွာကို မီးရှို့ဖျက်ဆီးခဲ့ရာ ပြည်သူနေအိမ် ၁၅ လုံးခန့် မီးလောင်ပြာကျခဲ့ပြီး မီးရှို့နေစဉ်မှာပင် ၆၀(မမ) ခြောက်လုံးနှင့် ဒရုန်းဖြင့် ဗုံးသီး ၃၅လုံး ကြဲချတိုက်ခိုက်ခဲ့သေးသည်။
အဆိုပါစစ်ကြောင်းသည် ယနေ့ ညနေလေးနာရီခန့်တွင် မြိုင်မြို့နယ်၊ လင်းကတောရဲစခန်းသို့ ပြန်ဝင်သွားကြောင်းသိရသည်။

