By Wadi / MPA
အညာဒေသတွင် ဖြစ်ပွားလျက်ရှိသော သက်ငယ်မုဒိမ်းကျူးလွန်မှုများအကြောင်း ထုတ်ဖော်ပြောကြားခဲ့ သည့် PDF အမျိုးသမီးကို PDF များက သတ်ဖြတ်ရှင်းလင်းလိုက်ပြီဆိုသည့် သတင်းအမှား စစ်ကောင်စီ ဝါဒဖြန့် တယ်လီဂရမ်ချန်နယ်များ၌ ပျံ့နှံ့လျက်ရှိသည်။
Kyaw Swar တယ်လီဂရမ်ချန်နယ်က အောက်တိုဘာ ၃၀ ရက် မွန်းလွဲ ၂ နာရီ ၈ မိနစ်တွင် “အညာဒေသ တွင် nug pdfများသက်ငယ်မုဒိမ်းမှုများ ဆက်တိုက် ကျူးလွန်နေကြောင်း ဖော်ထုတ်တင်ပြခဲ့သော pdf, အမျိုးသမီးကို Nug pdfက သတ်ဖြတ်ရှင်းလင်းလိုက်ကြောင်း သတင်းရရှိပါသည်”ဟု (မူရင်းရေးသား ဖြန့် ဝေမှုအတိုင်း) PDF အမျိုးသမီးတစ်ဦး၏ ဗွီဒီယိုဖိုင်နှင့်တကွ ရေးသားဖြန့်ဝေခဲ့သည်။
အဆိုပါအကြောင်းအရာကို အောက်တိုဘာ ၃၁ ရက် မွန်းလွဲပိုင်းအထိ ဝင်ရောက်ကြည့်ရှုသူ ၃၉,၇၀၀ကျော်၊ Reaction ပေးသူ ၇၅၀ ကျော်နှင့် မှတ်ချက်ရေးသားသူ ၄၀ ကျော် ရှိသည်။
မူရင်းသတင်းအမှား ရေးသားထားသော လင့်ခ် >>> https://archive.ph/jSjXp
အဆိုပါအကြောင်းအရာကို “Myanmar Mixed News” တယ်လီဂရမ်ချန်နယ်က ကူးယူဖော်ပြခဲ့သဖြင့် ပျံ့နှံ့ မှုများပြားခဲ့သည်။
သတင်းအမှားလင့်ခ် >>> https://archive.ph/OJVUa
တယ်လီဂရမ်တွင် ပျံ့နှံ့နေသော သတင်းအကြောင်းအရာနှင့်ပတ်သက်၍ Myanmar Fact-Checking Network ၏ အဖွဲ့ဝင်ဖြစ်သော MPA က အချက်အလက် စစ်ဆေးကြည့်ရာ သတင်းအမှားဖြစ်ကြောင်း စိစစ်ဖော်ထုတ်နိုင်ခဲ့သည်။
သတင်းအမှားဖြစ်ကြောင်းဖြစ်ကြောင်း သက်သေပြစိစစ်ချက်
တယ်လီဂရမ်တွင် ပျံ့နှံ့နေသော ဗွီဒီယိုကို စစ်ဆေးကြည့်ရာ မချောစုဟန်၏ လူမှုကွန်ယက်ဖေ့ဘွတ်ခ်၌ အောက်တိုဘာ ၈ ရက်၌ ဖော်ပြထားသော ဗွီဒီယိုဖိုင်နှင့် ထပ်တူညီနေသည်။
မချောစုဟန်၏ ဗွီဒီယိုဖိုင်တွင် အညာဒေသတွင် သက်ငယ်မုဒိမ်းမှုများကို ခပ်စိပ်စိပ်တွေ့လာရပြီး၊ အရေးယူ မှုမှာ အားနည်းနေကြောင်း၊ အမှုကို ငွေပေးကျေအေးမှုများရှိနေကြောင်း၊ မိသားစုကိစ္စဆိုပြီး နှုတ်ဆိတ်နေမှု များကြောင့် ပိုမိုဆိုးရွားလာကြောင်း၊ ဒါကို NUG အနေနဲ့ ထိထိရောက်ရောက် ကိုင်တွယ်ဖြေရှင်းပေးစေလို ကြောင်း ပြောဆိုထားသည်။
ဗွီဒီယိုဖိုင် အပြည့်အစုံကြည့်ရန် >>> https://archive.ph/n3Wt7
အကြောင်းအရာနှင့် ပတ်သက်၍ မချောစုဟန်ကို MPA Fact Check Team က ဆက်သွယ်မေးမြန်းကြည့် သည့်အခါ သတ်ဖြတ်ခံရဟုဆိုသောအကြောင်းအရာသည် သတင်းအမှားဖြစ်ကြောင်း သိရသည်။ မချောစုဟန်၏ ဖေ့စ်ဘွတ်စာမျက်နှာ၌လည်း သတ်ဖြတ်ခံရခြင်းဆိုသောကြောင်းအရာသည် မဟုတ် ကြောင်း ရေးသားထားသည်။
ရေးသားထားမှုအပြည့်အစုံဖတ်ရန် >>> https://archive.ph/PvDjB
သုံးသပ်ချက်
တယ်လီဂရမ်တွင် ပျံ့နှံ့နေသော အကြောင်းအရာနှင့်ပတ်သက်၍ MPA Fact Check Team က ကိုယ်တိုင်ဆက်သွယ်မေးမြန်းကြည့်ရာ သတင်းအမှားဖြစ်ကြောင်း သက်သေပြနိုင်ခဲ့သည်။
ဗွီဒီယိုင်ဖိုင်တွင်လည်း သက်ငယ်မုဒိမ်းမှုများကို PDF များက ကျူးလွန်သည်ဟု ပြောကြားထားခြင်းမရှိပေ။
ထို့ကြောင့် “သက်ငယ်မုဒိမ်းမှုအကြောင်း ထုတ်ဖော်ပြောကြားသူ PDF အမျိုးသမီးကို NUG PDF များက သတ်ဖြတ်” ဆိုသည့် အကြောင်းအရာသည် သတင်းအမှားဖြစ်သည်။
အထက်ပါ သတင်းအချက်အလက် စစ်ဆေးမှုများသည် အောက်တိုဘာ ၃၁ ရက် ညနေပိုင်းအထိ စစ်ဆေး တွေ့ရှိထားသော သက်သေပြအချက်အလက်များဖြစ်ပါသည်။
ဆိုရှယ်မီဒီယာများတွင် ပျံ့နှံ့နေသောအကြောင်းအရာများအား သတင်းမီဒီယာလုပ်ငန်းစဉ်အတိုင်း အဆင့် ဆင့် အတည်ပြုဖော်ပြနေသော သတင်းမီဒီယာများ၌ ရှာဖွေဖတ်ရှုသင့်သည်။
သတင်းအချက်အလက်များ မှန်/မမှန် သိရှိလိုလျှင် MPA Fact Check Team ၏ Signal ဖုန်းနံပါတ် + 66 0825604017 နှင့် telegram @mpafactcheckteam သို မက်ဆေ့ပေးပို့၍ မေးမြန်းနိုင်ပါသည်။