By Nway / MPA
MDY PDF ၏ စစ်သုံ့ပန်းအချုပ်ဆောင်ကို စစ်တပ်က နှစ်ရက်ဆက်တိုက် လေကြောင်းတိုက်ခိုက် မှုကြောင့် ဗိုလ်မှူး တစ်ဦးအပါအဝင် ၁၆ဦး သေဆုံးခဲ့ကြောင်း သိရသည်။
ယနေ့ (အောက်တိုဘာ ၃၀ရက်) နံနက် တစ်နာရီခန့်တွင် စစ်တပ်က MDY PDF ၏ စစ်သုံ့ပန်းအချုပ်ဆောင်ကို လေကြောင်းတိုက်ခိုက်မှု ထပ်မံပြုလုပ်ခဲ့ရာ စစ်သုံ့ပန်း ဗိုလ်မှူး တစ်ဦးအပါအဝင် လေးဦး သေဆုံးကာ ဒဏ်ရာရရှိသူ တစ်ဦး ရှိကြောင်း ပြည်သူ့ကာကွယ်ရေးတပ်မတော် (မန္တလေး) က သတင်းထုတ်ပြန်သည်။
“ စစ်ကောင်စီအနေနဲ့ ကျတော်တို့ စစ်သုံ့ပန်းတွေကို ထိန်းသိမ်းထားတဲ့နေရာကို လေကြောင်း တိုက်ခိုက်မှု ပြုလုပ်ခဲ့တာပါ။ ဘယ်လိုရည်ရွယ်ချက်မျိုးကြောင့်လည်း မသိရပေမဲ့ တိုက်ပွဲအတွင်း ဖမ်းမိတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေကို ပစ်မှတ်ထားနေတာတော့ အတိအကျပြောလို့ရပါတယ် “ ဟု MDY-PDF ပြောရေးဆိုခွင့်ရှိသူ ကိုအော်စမွန်က MPA ကို ပြောသည်။
ယနေ့တိုက်ခိုက်ခံရမှုကြောင့် သေဆုံးသူများမှာ အမှတ်နှစ် စစ်အခြေခံလေ့ကျင့်ရေးတပ်( စခတ နှစ် ) ခုနှစ်မိုင်မှ ဗိုလ်မှူး နေဝင်း၊ သပိတ်ကျင်း စခတနှစ် မှ တပ်ကြပ်ကိုကိုအောင်၊ မိတ္ထီလာ အမြောက်တပ် ၃၁၉ မှ တပ်ကြပ်ကြီးစာရေး အောင်လွင်နှင့် ပျူစောထီးတပ်ဖွဲ့ဝင် ဂျော်နီအောင်တို့ ဖြစ်ကြောင်း MDY PDF က သတင်းထုတ်ပြန်ထားသည်။
အောက်တိုဘာ ၂၈ရက်၊ ညနေ ခြောက်နာရီခွဲခန့်တွင် စစ်တပ်က MDY PDF ၏ စစ်သုံ့ပန်း အချုပ် ဆောင်ကို လေကြောင်းတိုက်ခိုက်ခဲ့ရာ စစ်သုံ့ပန်း ရှစ်ဦးအပါအဝင် ၁၂ဦး သေဆုံး၍ အယောက်၆၀ ဒဏ်ရာရရှိခဲ့သည်။
“ ၂၈ရက်နေ့ဖြစ်စဉ်မှာ ထိခိုက်ဒဏ်ရာရ ၆၀ ထဲကတော့ ထပ်မံသေဆုံးတာမျိုးမရှိသေးပါဘူး။ ကျတော်တို့ ပြည်သူ့ကာကွယ်ရေးတပ်မတော် (မန္တလေး) ရဲ့ တပ်ဖွဲ့ဝင်တွေကတော့ ကြီးကြီးမားမား ထိခိုက်တာမျိုးမရှိခဲ့ပါဘူး” ဟု ကိုအော်စမွန်က ဆက်လက်ပြောသည်။
လေကြောင်းတိုက်ခိုက်မှုကြောင့် ဒဏ်ရာ ရရှိခဲ့သော စစ်သုံ့ပန်းများကို MDY-PDFက ဆေးဝါးကုသပေးလျက်ရှိကြောင်း သတင်းထုတ်ပြန်ထားသည်။


