By Ko Paing / MPA
မန္တလေးတိုင်း၊ ငါန်းဇွန်မြို့နယ်၊ ငါန်းမြာကြီးရဲစခန်းမှ ထွက်လာသည့် စစ်ကောင်စီစစ်ကြောင်းကို စနိုက်ပါဖြင့် ပစ်ခတ်ခဲ့ရာ နှစ်ဦးသေဆုံးသွားကြောင်းသိရသည်။
ယနေ့ (အောက်တိုဘာ ၂၇ ရက်) နံနက် ရှစ်နာရီခွဲ ဝန်းကျင်တွင် ငါန်းမြာကြီးရဲစခန်းမှ အင်အား ၃၀ ဝန်းကျင်ဖြင့် ထွက်လာသည့် စစ်ကြောင်းကို ငါန်းမြာကြီးရွာ အရှေ့ဘက်အရောက် ကာကွယ်ရေးတပ်များက ကင်းပုန်းဝပ်စောင့်ဆိုင်းကာ စနိုက်ဘာဖြင့် ပစ်ခတ်ခဲ့ခြင်းဖြစ်ကြောင်း မြင်းခြံခရိုင်တပ်ရင်းခုနှစ် (Zero ပြောက်ကျားတပ်ဖွဲ့)ထံက သိရသည်။
“သေသွားတဲ့ နှစ်ကောင်က ကွင်းပြင်ထဲမှာ ပက်လက်ကြီးလန်သွားတာကို သူ့ကောင်တွေက ဒရွတ်တိုက်ဆွဲခေါ်သွားပြီး ရဲစခန်းထဲ ပြန်ဝင်သွားတာ။ထိတွေ့တိုက်ပွဲတော့ မဖြစ်လိုက်ပါဘူး” ဟု မြင်းခြံခရိုင်တပ်ရင်းခုနှစ် (Zero ပြောက်ကျားတပ်ဖွဲ့) တာဝန်ခံ ကိုသက်ကြီး ကMPAသို့ပြောသည်။
ယင်းပစ်ခတ်မှုကြောင့် စစ်သားများသည် ဝရုန်းသုန်းကားဖြစ်ကာ ငါန်းမြာကြီးရဲစခန်းသို့ ပြန်လည်ဆုတ်ပြေးသွားကြောင်းသိရသည်။
အဆိုပါတိုက်ခိုက်မှုကို မြင်းခြံခရိုင်တပ်ရင်းခုနှစ် (Zero ပြောက်ကျားတပ်ဖွဲ့)နှင့် မြင်းခြံခရိုင်တပ်ရင်းခြောက် တို့ ပူးပေါင်းလုပ်ဆောင်ခဲ့ခြင်းဖြစ်ပြီး စစ်သားများ သေဆုံးမှုကို MPA အနေနှင့် သီးခြားအတည်မပြုနိုင်ပေ။
ဩဂုတ်၁၉ရက်က PDFတို့ တိုက်ခိုက်သိမ်းပိုက်ခဲ့သော ငါန်းမြာကြီးရွာကို အောက်တိုဘာ၂၁ရက်တွင် စစ်ကောင်စီတပ်က ပြန်လည်သိမ်းပိုက် အထိုင်ချတပ်စွဲထားနိုင်ခဲ့သည်။