By Nway / MPA
စစ်ကိုင်းမြို့နယ်၊ ဆားတောင်မြို့ ရဲစခန်းတွင် စစ်သားတစ်ဦး မင်္ဂလာဆောင်ပွဲ ပြုလုပ်နေစဉ် PDF တို့က ဒရုန်းဖြင့် ဗုံးကြဲခဲ့ရာ သတို့သားအပါအဝင်စစ်အုပ်စုဝင် ၁၆ဦး ဒဏ်ရာရခဲ့ကြောင်း သိရသည်။
အောက်တိုဘာ ၂၂ရက်၊ နံနက် ခုနှစ်နာရီခွဲခန့်တွင် ဆားတောင်ရဲစခန်း၌ စစ်သားတစ်ဦးနှင့် သစ်ငုတ်တိုပျူရွာခေါင်းဆောင်၏ သမီးတို့ မင်္ဂလာပွဲကျင်းပနေစဉ် ဒရုန်းဖြင့် ပြင်းအားမြင့်ဗုံးသီး ရှစ်လုံးကြဲချတိုက်ခိုက်ခဲ့ကြောင်း ကြောင်လက်သည်းတပ်ဖွဲ့ထံက သိရသည်။
” ဗုံးသီးသုံးလုံးကို တစ်ပြိုင်တည်းချပြီး ကျန်တာတွေ ဖြည်းဖြည်းစီ တစ်လုံးချင်းချတာဗျ။ သတို့သားအပါအဝင် ၁၆ယောက်ထိတယ်။ သတို့သားက နံ(နံရိုး) ပွင့်သွားတယ်လို့ သိရတယ်။ သူက အပြင်းထန်ဆုံးပေါ့။ စကောက်ဒရုန်းလည်း တင်ထားတော့ ထိခိုက်ဒဏ်ရာရတာတွေကို မျက်မြင်တွေ့ရတယ်။ သေဆုံးတဲ့လူရှိတယ်လို့တော့ မသိရသေးဘူး “ ဟု ယနေ့ ( အောက်တိုဘာ ၂၃ရက် ) ညနေ ခြောက်နာရီဝန်းကျင်တွင် ကြောင်လက်သည်းတပ်ဖွဲ့ တာဝန်ခံ၊ ကိုဖက်တီးက MPA ကို ပြောသည်။
ထို့နောက် ယင်းနေ့ ညနေ ငါးနာရီခွဲခန့်တွင် ဗုံးသီး ငါးလုံး ထပ် ကြဲချခဲ့ရာ ထိခိုက်မှု ရှိ၊မရှိ မသိရသေးကြောင်း ၎င်းကပြောသည်။
” ညနေပိုင်း တိုက်ခိုက်မှုအပြီးမှာတော့ သူတို့ဘက်က လက်နက်ငယ်တွေနဲ့ ပတ်ဝန်းကျင်ကို ပစ်ခတ်တာတွေရှိတယ်။ လွန်ခဲ့တဲ့ နှစ်လလောက်ကအထိ ဒရုန်းနဲ့ချရင် ဒရုန်းကို လိုက်ပစ်တာတွေရှိပေမဲ့ ခုနောက်ပိုင်းတော့ မရှိတော့ဘူး” ဟု ၎င်းက ဆက်လက်ပြောသည်။
ယင်းတိုက်ခိုက်မှုကို ကြောင်လက်သည်းတပ်ဖွဲ့၊တရားရေးမီးတောက် တပ်ဖွဲ့ ၊ ဇာမဏီ တပ်ဖွဲ့၊ Phoenix တပ်ဖွဲ့ နှင့် ရွှေဘို ခရိုင် တပ်ရင်း ၁၅ တို့ ပူးပေါင်း လုပ်ဆောင်ခဲ့ကြောင်း သိရသည်။
စစ်သားများဒဏ်ရာရရှိမှုနှင့် ပတ်သက်၍ MPA အနေဖြင့် သီးခြားအတည်မပြုနိုင်ပေ။