By Nway / MPA
ပဲခူးတိုင်း၊ တောင်ငူလေတပ်ကို ရှော့တိုက်ဒုံးဖြင့် ပစ်ခတ်ခဲ့ရာ လေတပ်အရာရှိတစ်ဦးအပါအဝင် လေးဦးသေဆုံးကာ အရာရှိနှစ်ဦးနှင့် အခြားအဆင့် စစ်သည်ခြောက်ဦး ပြင်းထန်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။
အောက်တိုဘာ ၂၀ရက်၊ ည ရှစ်နာရီခွဲခန့်တွင် တောင်ငူလေတပ်ကို ၁၀၇(မမ) ရှော့တိုက်ဒုံး သုံးလုံးဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ရာ နှစ်လုံးကို အောင်မြင်စွာ ပစ်ခတ်နိုင်ခဲ့ပြီး မော်တော်ယာဥ်သိုလှောင်ရုံနှင့် လေယာဥ်သိုလှောင်ရုံပေါ်သို့ ကျရောက်ပေါက်ကွဲခဲ့ကြောင်း Brave Warriors for Myanmar (BWM) အဖွဲ့ထံက သိရသည်။
” သေဆုံးတဲ့ လေတပ်အရာရှိက ရာထူးတော်တော်ကြီးတယ်။ ဒီနေ့နေ့လယ်မှာ သင်္ဂြိုဟ်မယ်လို့သိရပါတယ်။ ညဘက်ကြီး ဂိုထောင်ရုံတွေမှာ သူတို့ရှိနေကြတာကတော့ စစ်ကောင်စီက လေယာဥ်ဗုံးကြဲတာတွေကို အထူးသဖြင့် ညဘက်တွေကျမှ လုပ်နေကျဖြစ်ပါတယ်။ ပြည်သူတွေအိပ်မောကျနေချိန်တွေမှာ ဗုံးကြဲလေ့ရှိပါတယ်။ အဲဒါကြောင့် ညအချိန်မှာ ဂိုထောင်မှာ သူတို့ရှိနေကြတာလို့ ယူဆပါတယ်” ဟု Brave Warriors for Myanmar (BWM) အဖွဲ့မှ တာဝန်ရှိသူတစ်ဦးက MPA ကို ပြောသည်။
ထို့အပြင် Y12 လေယာဉ်တစ်စင်း သုံးမရလောက်အောင် ပျက်စီးသွားပြီး အမျိုးအမည်မသိရသော ရဟတ်ယာဉ်တစ်စင်း၏ ဒလက်နှင့်မှန်ကွဲကာ နောက်အမြီးပိုင်း သုံးမရအောင်ပျက်စီးသွားကြောင်း BWM က ထုတ်ပြန်ထားသည်။
” တိုက်ခိုက်မှုအပြီး သိပ်မကြာဘူး။ ည၉နာရီလောက်မှာ လူနာတင်ကားသုံးစီးနဲ့ ဒဏ်ရာရသူတွေကို ခေါ်ထုတ်သွားတယ်။ ဘယ်မှာ ဆေးကုနေလဲတော့ မသိရသေးဘူး ” ဟု ၎င်းက ဆက်လက်ပြောသည်။
တောင်ငူလေတပ်သည် ကရင်ပြည်နယ်၊ ကရင်နီပြည်နယ် နှင့် ရှမ်းပြည်နယ်တောင်ပိုင်း တို့ရှိ တော်လှန်ရေးအင်အားစုများကို တိုက်ခိုက်ရာတွင် စစ်ကောင်စီ အဓိက အားထားရသော လေတပ်စခန်း တစ်ခု ဖြစ်ကြောင်း BWM က သတင်းထုတ်ပြန်ထားသည်။
ယင်းတိုက်ခိုက်မှုကို Brave Warriors for Myanmar (BWM) အဖွဲ့၏ ဦးဆောင်စီမံမှုဖြင့် NSA31 မြို့ပြပြောက်ကျားအဖွဲ့နှင့် စစ်တောင်းမြစ်ဝှမ်း ရေတာရှည်ပူးပေါင်းစစ်ဆင်ရေးအဖွဲ့တို့က ပူးပေါင်းဖော်ဆောင်ခဲ့ခြင်းဖြစ်သည်။
စစ်သားများ သေဆုံး၊ဒဏ်ရာရမှုကို MPAအနေနှင့် သီးခြားအတည်မပြုနိုင်ပေ။